တအာင်းပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေးအတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ၏ မိသားစုဝင်များနှင့် ပျက်စီးသွားသော နေအိမ် ၄၀၀ ကျော်အတွက် PSLF/ TNLA က ကျပ်သိန်းပေါင်း ၄၀၀၀ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနှင့် မိုင်းငေါ့မြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၄၂၁ လုံး ဝန်း ကျင် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ ပျက်စီးသွားသော အိမ်ရှင်မိသားစုများကို PSLF/TNLAအုပ်ချုပ်ရေးဌာနမှ ဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဂျားနှင့် တာဝန်ရှိသူများက မြို့နယ်အလိုက် ထိခိုက်ပျက်စီးသွားသည့် နေအိမ်မှ ကာယကံရှင် မိသားစုများကို တွေ့ဆုံကာ အခမ်းအနားဖြင့် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ထိခိုက်ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်ထူထောင်ရေးနိုင်ရန်အတွက် ထိခိုက်ပျက်စီးမှုပေါ် မူတည်၍ အဆင့်(A)၊ အဆင့်(B)နှင့် အဆင့်(C) သတ်မှတ်ကာ ပေးအပ်ထောက်ပံ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
နေအိမ်များ ပျက်စီးမှုအတွက် ထောက်ပံ့မှုအပြင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးထိခိုက်မှုကြောင့်သေဆုံးသွားသည့် ကျန်ရစ်သူမိသားစုဝင်များကိုလည်း သတ်မှတ် ထားသည့် ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့ရာတွင် PSLF/TNLA အပြင် တအာင်းအရပ်ဘက် အဖွဲ့ အစည်း တချို့လည်း လိုက်လံ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း၊ PSLF/TNLA၏ ထိန်းချုပ်မှုအောက်၌ ရှိသော ကျန်မြို့နယ်များကိုလည်း ဆက်လက်ပေးအပ်ထောက်ပံ့သွားမည်ဖြစ်ကြောင်း PSLF/TNLA က ထုတ်ပြန်ထားသည်။