တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဆက်သွယ်ရေး တာဝါတိုင်တောင်ကုန်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပကဖ (Flying Starr Force) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲ၊ ပြည်ကြီးမဏ္ဍိုင်နှင့် ဘန်ဂလောကျေးရွာအနောက်ဘက်ရှိ အကြမ်းဖက်စစ်တပ်၏ ဆက်သွယ်ရေးတာဝါတိုင်တောင်ကုန်းစခန်းကို KTLAနှင့် Flying Star Force ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းထိတွေ့ တိုက်ပွဲသည် အချိန် ၄ နာရီကျော်ခန့် အပြန်အလှန် ပစ်ခတ်မှု အချိန် ၄ နာရီကျော်ခန့် ကြာမြင့်ခဲ့ပြီး ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းတောင်ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် လေညှာ-မဏ္ဍိုင် တံတားကြီး ဂိတ်စခန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိုက်ပွဲဖြစ်ပွားရာနေရာကို ၈၀ မမ ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် အဆက်အပြတ် ပစ်ကူ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ကူများ တိုက်ခိုက်နေသည့်ကြားမှ KTLA နှင့် Flying Star Force ပူးပေါင်း တပ်ဖွဲ့က မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ဆက်သွယ်ရေးတာဝါတိုင်တောင်ကုန်း စခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်း တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရရှိထားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက် အတည်ပြုနေဆဲဖြစ်ကြောင်း သိရသည်။
“လက်ရှိတော့ စခန်းသိမ်းနိုင်ပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိတယ်။ စစ်ခွေး ထိခိုက် သေဆုံးမှု စာရင်းနဲ့ လက်နက်ခဲယမ်းသိမ်းဆည်း ရရှိတဲ့ စာရင်းကို အတည်ပြုနေပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က အထိခိုက်အကျဆုံးမရှိ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ပါပြီ” ဟု ဘုတ်ပြင်းမြို့နယ် ပကဖ (Flying Starr Force) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။