မြန်မာနိုင်ငံမှ တောင်ကိုရီးယားသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် မဖြစ်မနေ ဖြေဆိုရသည့် ကိုရီးယားဘာသာ စကားစာမေးပွဲ ဖြေဆိုရန် မြန်မာလူငယ်များ ကြိတ်ကြိတ်တိုး တန်းစီနေကြပြီး လျှောက်လွှာတင်သူ လူငယ်အရေအတွက် ၁ သိန်းကျော်ရှိလာကြောင်း ကိုရီးယားဘာသာစကားသင်တန်းကျောင်းတချို့ထံမှ စုံစမ်းသိရှိရသည်။
ယခု ၂၀၂၄ ခုနှစ်အတွက် ကိုရီးယားဘာသာစကားစာမေးပွဲ လျှောက်လွှာတင်ကာလကို မတ်လ ၁၉ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ သတ်မှတ်ထားပြီး မြောက်ဒဂုံ၊ ပင်လုံခန်းမရှိ အလုပ်သမားဝန်ကြီးဌာနရုံးတွင် လျှောက်လွှာတင်ရကြောင်း၊ နေ့စဉ် လူငယ်သောင်းချီ၍ ကြိတ်ကြိတ်တိုး တန်းစီပြီး လျှောက်လွှာတင်နေကြ ကြောင်း သိရှိရသည်။
“မနက် ၄ နာရီမှ စစ်တပ်က တန်းစီခိုင်းတယ်။ အဲဒါ မနက်ဖြန် မနက် ၄ နာရီကို ဒီညနေ ၆ နာရီကတည်းက တန်းစီကြတာ။ ဖောင်(လျှောက်လွှာ) မရမှာစိုးလို့။ တစ်နေ့ကို အနည်းဆုံး ၁ သောင်းအထက်ပဲ။ လူတန်းရှည်ကြီးနဲ့ လူအုပ်ကြီးဖြစ်နေတာ” ဟု ကိုယ်တိုင်စာမေးပွဲဖြေဆိုမည့်လူငယ်တစ်ဦးက ပြောဆိုသည်။
ယခင်နှစ်များက ကိုရီးယားအလုပ်အကိုင် ဘာသာစကား စာမေးပွဲကို ဖြေဆိုသူ ၁ သိန်းအောက်သာ ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ စစ်မှုထမ်းဥပဒေကြောင့်ပါ ဖြေဆိုသူ အရေအတွက် ရုတ်တရက် တိုးလာခြင်းဖြစ်ကြောင်း ကိုရီးယားဘာသာစကား သင်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“အွန်လိုင်းရော မြေပြင်မှာရော လျှောက်ထားတာ ၁ သိန်းကျော်သွားပြီလို့သိရတယ်။ ငွေသွင်းတာလည်း တစ်ရက်ကို ထောင်သောင်းချီပြုံတိုးနေရတယ်” ဟု ကိုရီးယားဘာသာစကား သင်တန်းကျောင်း တာဝန်ရှိသူက ရှင်းပြသည်။
ကိုရီးယား အလုပ်အကိုင် ဘာသာစကားစာမေးပွဲကို အောင်မြင်သူများသည် တောင်ကိုရီးယားနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ နံနက်ပိုင်း မြောက်ဒဂုံ၊ ပင်လုံခန်းမတွင် လူငယ်များ ကြိတ်ကြိတ်တိုးနေသည့်အတွက် စစ်တပ်က လူစုခွဲ လာရောက် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး လူငယ် ၆၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။