ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့ နယ် မြောက်ပိုင်း ရှိ စစ်ကောင်စီတပ်ရဲ့ ရင်ကွဲတောင် စခန်းကုန်းကို ဒီနေ့မနက်ပိုင်းမှာ KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။
ရင်ကွဲတောင်စခန်းကုန်းဟာ ကော့ကရိတ်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိပြီး စစ်ကောင်စီတပ်အင်အား အနည်းအကျဉ်းသာရှိတဲ့ စခန်းလည်းဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ရင်ကွဲတောင်စခန်းဟာ KNU တပ်မဟာ ၇ စစ်ရေးလှုပ်ရှားရာ နဘူးမြို့ ထဲမှာရှိပါတယ်။
ဒီနေ့မနက်အစောပိုင်း တိုက်ပွဲတွေကြောင့် ရင်ကွဲတောင်အနီးအနားရှိ မြပတိုင်၊ ခိုဘိုင်း စတဲ့ ကျေးရွာတွေက ဒေသခံတွေ တိမ်းရှောင်ကြရတယ်လို့သိရပါတယ်။
“ရင်ကွဲတောင်မှာ ပစ်ကြတယ် ၊ လေယာဉ်ပျံလည်းတက်လာတယ်၊ အသံအကျယ်ကြီးပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထိုင်း − မြန်မာ နယ်စပ်ကုန်သွယ်ရေး အာရှလမ်းမကြီး ပေါ်မှာရှိတဲ့ ကော့ကရိတ်မြို့နယ် ကိုသိမ်းယူဖို့ အတွက် ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလဆန်းကစပြီး KNU ဦးဆောင်တဲ့ပူးပေါင်းတပ်တွေက ကော့ကရိတ်မြို့တွင်း ၊မြို့ပြင်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဝင်တိုက်ခဲ့ပါတယ်။
ကော့ကရိတ်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ်မဖြစ်တဲ့ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အခြေစိုက်ထားပါတယ်။