ချင်းပြည်နယ် မင်းတပ်မြို့နယ်သို့ လာရောက်နိုင်ဖွယ်ရှိသည့် စစ်ကောင်စီယာဉ်တန်းသည် မကွေးတိုင်း ပခုက္ကူတပ်မှ စတင်ထွက်လာကြောင်း မင်းတပ်ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
မတ်လ ၂၂ရက်တွင် ပခုက္ကူတပ်မှ အနောက် ဘက်သို့ ထွက်လာသော စစ်ကောင်စီ ရိက္ခာယာဉ် ၁၀၀ခန့်ပါရှိသည့် ယာဉ်တန်းသည် ကမ္မနှင့် ညောင်ဂျစ်ပင်တွင် ညအိပ်ရပ်နားသည်ဟု ကြားရကြောင်း သတင်းရင်းမြစ်က အသိပေးသည်။
” မင်းတပ် ကျောက်ထုကို လာမယ်လို့တော့ အရင်က ဖရဲသီးက ပြောတယ်။ အခုချိန်ထိတော့ အတိအကျ မသိရသေးဘူး။ ပေါက်ကျော်လာရင်တော့ မင်းတပ်ကို သေချာပြီ”ဟု မင်းတပ်ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
မင်းတပ်နှင့် ကျောက်ထုဒေသသို့ စစ်ကောင်စီက ရိက္ခာများ၊ လက်နက်ခဲယမ်းများနှင့် တပ်ပြောင်း ရဲနှင့် စစ်သားများ၊ ပြည်သူ့စစ်တပ်သားသစ်များ ပို့ဆောင်လိုသည့် သဘောဟု ယူဆရကြောင်း ဒေသခံက ခန့်မှန်းသည်။
စစ်ကောင်စီက ထိုသို့စစ်ရေးလှုပ်ရှားလာခြင်းကြောင့် မင်းတပ်ချင်းကာကွယ်ရေး တပ်ဖွဲ့ (CDF)က ယနေ့(မတ်လ ၂၃ရက်)တွင် ကြေညာချက်ထုတ်ပြန်ပြီး မနက်ဖြန်မှစ၍ မင်းတပ် – ကျောက်ထုလမ်းပိုင်း၊ မင်းတပ်-ဆောလမ်းပိုင်းများကို ယာယီပိတ်ထားမည်ဟု အသိပေးသည်။
စစ်ကောင်စီသည် လူ၊ လက်နက်ရိက္ခာဖြည့်တင်းရန်၊ စစ်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်လာသဖြင့် တန်ပြန်စစ်ဆင်ရေးဆင်နွှဲနိုင်ရန် စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ရန်ရှိ၍ မတ်လ ၂၄ရက်မှ စတင်၍ လမ်းများယာယီပိတ်ထားမည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။
လမ်းပိုင်းများ ပြန်လည်အသုံးပြုနိုင်မည့် နေ့ရက်ကို ထုတ်ပြန်ကြေညာပေးမည်ဟုလည်း ဖော်ပြထားပြီး ယခုထုတ်ပြန်ချက်အား လေးစားလိုက်နာရန်နှင့် မလိုက်နာပါက မင်းတပ် CDF အနေဖြင့် တာဝန်ယူမည်မဟုတ်ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် ယခုကဲ့သို့ ပခုက္ကူမှ စစ်ယာဉ်တန်းများ မထွက်ခွာမီ မတ်လဆန်းမှစ၍ မင်းတပ်နယ်ကို လေကြောင်း၊ လက်နက်ကြီး တိုက်ခုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက် ခြင်း၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။