ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာက ကုန်းသာကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီက မတ်လ ၁၈ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဖမ်းဆီးခံ ဆရာတော် ဦးသုန္ဒရကို မတ်လ ၁၉ ရက်နေ့မှာ စစ်ကောင်စီက လူဝတ်လဲခိုင်းကာ ကလောစစ်ကြောရေးကို ပို့ဆောင်ထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
”ဆရာတော်ကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF နဲ့အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပါ။ သူ့ကျောင်းမှာ DPLF တပ်သားတွေကိုလည်း လက်ခံထားတယ်ဆိုပြီး စစ်တပ်က အယောက် ၂၀ ကျော် လောက်နဲ့လာဖမ်းတာ။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဆရာတော်ဦးသုန္ဒရဟာ ဝါ ၈ ဝါရှိပြီဖြစ်ပြီး ကျောင်းပတ်ဝန်းကျင်နားက တရားရိပ်သာမှာ တရားပြရင်းနဲ့ ရွာက ကျောင်းထိုင်ဆရာတော်လိုအပ်ချက်ကြောင့် ကျောင်းထိုင်အဖြစ်တင်မြှောက်ထားတာဖြစ်တယ်လို့သိရပါတယ်။
အဲဒီ ကုန်းသာဘုန်းကြီးကျောင်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၈ ရက်က စစ်ကားလေးစီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရုတ်တရတ်ရောက်လာပြီးဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ လူငယ် ၁၇ ဦးကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF မှာ သင်တင်တန်းတက်ဖို့လာတယ်လို့ စွပ်စွဲပြီးတော့ ဖမ်းဆီးသွားခဲ့ပါသေးတယ်။
စစ်ကောင်စီ လော်ဘီ တယ်လီဂရမ်ချယ်နယ်လ်တွေမှာတော့ လူငယ် ၁၇ ဦးကို ဖမ်းဆီးခဲ့တဲ့အပြင် ဘုန်းကြီးကျောင်း ဂိုထောင်ထဲက သေနတ် ၄ လက်၊ ကျည်အိမ် ၁၀ ခု၊ ကျည် ၅၆၀ တောင့်၊ ရီမု ၂ ခု၊ Booster ၆ ခု၊ လက်ပစ်ဗုံးတစ်လုံး ကိုပါသိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အဲဒီလူငယ် ၁၇ ဦးကို အခုထိမလွတ်ပေးသေးဘဲ သူတို့ရဲ့မိဘတွေနဲ့တော့ တွေ့ခွင့်ပေးထားပြီး တစ်ကြိမ်တွေ့ရင် ငွေ ၁ သိန်းစီ ကောက်ခံနေတယ်လို့ သတင်းရင်းမြစ်ဆီက သိရပါတယ်။