ငြိမ်းချမ်းရေးကဗျာပြိုင်ပွဲတွင် ပထဆုရရှိခဲ့ဖူးသည့် ဧရာဝတီတိုင်းသား၊ တော်လှန်ရေးသမား ကဗျာဆရာတစ်ဦး ကရင်ပြည်နယ်တိုက်ပွဲတစ်ခုတွင် ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၂ – ၁၅ ဗကသမျိုးဆက်၊ ပုသိမ်ခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ပုသိမ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တို့၏ အဖွဲ့ဝင် (ဟောင်း)ဖြစ်သူ ရဲဘော်အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီးသည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း၊ ပြည်သူ့တာဝန်များကို ထမ်းဆောင်ရင်း မတ်လ ၂၂ ရက်တွင် ကျဆုံးသွားကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။
“ကိုအောင်ခန့်ဇော်က ၂၀၁၂ ကနေ ၂၀၁၅ အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗကသရဲဘော်ဟောင်းတဦးဖြစ်ပြီး ကရင်ပြည်ဘက်မှာ စခန်းသိမ်းတိုက်ပွဲဆင်နွှဲရင်း လည်ပင်းကို ကျည်ထိမှန်ပြီးကျဆုံးခဲ့တာလို့ သိရပါတယ်။”ဟု ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီဝင် တစ်ဦးက ပြောသည်။
ရဲဘော်အောင်ခန့်ဇော်သည် ကျဆုံးချိန်တွင် အသက်(၃၀)နှစ်သာရှိပြီး Pen Myanmar ၏ ငြိမ်းချမ်းရေးကဗျာပြိုင်ပွဲတွင် ပထမဆုရရှိဖူးသူတစ်ဦးဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။
“ဧရာ၀တီတိုင်းအတွက် မကြာခင် အနာဂါတ်မှာ အလွန်အလေးထားရမယ့် လူငယ် ခေါင်းဆောင် တစ်ဦးရယ်လို့ ယုံကြည်မျှော်လင့်ထားရသူ တော်လှန်ရေးသမား ကဗျာသမား အောင်ခန့်ဇော်ဟာ ယနေ့ မတ်လ ၂၂ ရက်မှာ နွေဦးတော်လှန်ရေး တာ၀န်ထမ်းဆောင်ရင်း ရဲရင့်မြင့်မြတ်စွာ ကျဆုံးသွားခဲ့ရတယ်။ဦးညွှတ်အလေးပြုလိုက်ပါတယ်။”ဟု ချက်နိုင်ငံဆိုင်ရာ NUG သံအမတ်ကြီး ဦးလင်းသန့်က လူမှုကွန်ရက်တွင် ရေးသားသည်။
ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီးအား အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်ပြီး ရဲဘော်၏ မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး တာဝန်များ၊ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး တာဝန်များကို အလုံးစုံကျေပွန်သည့်အထိ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)က ကတိပြုသည်။