မန္တလေးမြို့မှာ ဌာနေပြည်သူ့စစ်ဆိုပြီး စစ်ကောင်စီက သင်တန်းပေး ဖွဲ့စည်းပြီးနောက် လူအင်အား ၂၀၀ နီးပါးကို မတ်လ ၂၁ ရက်က လက်နက်တပ်ဆင်ပေးလိုက်ပါတယ်။
လက်နက်တပ်ဆင်ပွဲကို မန္တလေးနန်းတွင်း မှာအခြေစိုက်ထားတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မှာ ပြုလုပ်တာဖြစ်ပြီး စစ်တိုင်းမှူး ကိုယ်တိုင်တက်ရောက်ပြီး လက်နက်တပ်ပေးခဲ့တာကို စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
လက်နက်တပ်ပွဲ ရုပ်သံ မြင်ကွင်းအရ လူအင်အား ၂၀၀ နီးပါးရှိပြီး စစ်ကျန် ကာဘိုင်သေနတ်အမျိုးအစားတွေ တပ်ဆင်ပေးတာတွေ့ရပါတယ်။
မန္တလေးတပ်နယ်ပြည်သူ့စစ်(ဌာနေ)အဖွဲ့ လို့ စစ်ကောင်စီ က အမည်ပေးထားပေမယ့် အဲဒီအဖွဲ့မှာ စစ်တပ်ထောက်ခံသူအများစုနဲ့ ဖွဲ့စည်းထားတာလို့ မန္တလေးမြို့ခံ အချို့ကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လကုန်ပိုင်းက မန္တလေး မဟာအောင်မြေမြို့နယ်အတွင်းမှာပျုစောထီး အချို့ကို စစ်ကောင်စီက ကာဘိုင်သေနတ်တွေ စတင်ထုတ်ပေးခဲ့တာရှိပါတယ်။
အဲဒီနောက်ပိုင်း အခုနှစ် မတ်လ ၂၁ ရက်မှာတော့ ပျုစောထီး အင်အားအများအပြား ကို စစ်ကောင်စီက တပြိုင်တည်းလက်နက်တပ်ပေးလိုက်တာလည်းဖြစ်ပါတယ်။
အခုလို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးလိုက်တဲ့ အရပ်အခေါ် ပျုစောထီးတွေကို မြို့တွင်းမှာ လုံခြုံရေးချတာအပြင် ၊ တပ်အင်အားလိုအပ်နေချိန်ဖြစ်လို့ တိုက်ပွဲတွေ မှာ လည်း အသုံးချမှာဖြစ်တယ်လို့ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့သူ စစ်ဘက်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။
မန္တလေးတိုင်းမှာဆိုရင် စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီမြစ်သာခြားတဲ့ မတ္တရာနယ်မှာ လက်နက်ကိုင်တော်လှန်မှုအားကောင်းသလို ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်မနက်အစောပိုင်းက မန္တလေးမြို့လယ် စစ်တပ်ဝန်းထဲက ရတနာပုံ ခန်းမကို မြို့ပြပြောက်ကျားအဖွဲ့က ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခဲ့တာရှိပါတယ်။