ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ညောင်ကန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဟန်း ၁ ပါး ၊ ကိုရင် ၁ ပါး အပါအဝင် ပြည်သူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ဒေသ သတင်းရင်းမြစ် က သတင်းဖော်ပြသည်။
မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ အကြမ်းဖက် စစ်တပ်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ဘာသာရေးအဆောက်အအုံနှင့် နေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။
ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများမှာ မြေပုံမြို့နယ်၊ ညောင်ကန်ရွာ ဘုန်းတော်ကြီးကျောင်းရှိ အရှင် နာဂသေန နှင့် ကိုရင်ငယ် ၁ ပါး၊ အသက် ၁၂ နှစ်အရွယ် မနှင်းယုရွှေ၊ မောင်ကောင်းခန့်ကျော် တို့အပြင် အခြား ပြည်သူများဒဏ်ရာရရှိခဲ့ပြီး အခြားသူများ၏ အမည်များမှာ စုံစမ်းဆဲ ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်သည် ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုသည် ညောင်ကန်ရွာတွင် ဗုံး ၆ လုံး၊ တောင်ပေါက်ရွာနားတွင် ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။