မသင်္ကာသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ် လူသေမှုဖြစ်ပွားခဲ့ခြင်းကြောင့် တပ်သားနှစ်ဦးအား ထောင်ဒဏ်နှစ် ၂၀ နှင့် တစ်လ ချမှတ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်သည်။
ယခုနှစ် ဖေဖော်ဝါရီ ၂၁ ရက် ည(၁၁)နာရီဝန်းကျင်တွင် အသက်(၂၇)နှစ်အရွယ်ရှိ ပီကင်းကောခူရွာတွင် နေထိုင်သူအရပ်သားတစ်ဦးကို ရပ်ရွာအတွင်း မူးယစ်ရမ်းကားမှု စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားစဉ် KNDF တပ်ဖွဲ့ဝင်အချို့မှ ပေးအပ်ထားသောလက်နက်ကို အသုံးပြုပြီး မလျော်ကန်သော ပစ်ခတ်မှုဖြစ်ကာ လူသေမှုဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
ထို့ကြောင့် ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကနဦး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ စုံစမ်းစစ်ဆေးမှုများအပြီးတွင် ဖြစ်စဉ်အပေါ် စစ်ဘက်ဆိုင်ရာအက်ဥပဒေ ပုဒ်မ(၄၉)အရ ပထမအဆင့် ဗျူဟာစစ်ခုံရုံး စစ်ဆေးကြားနာမှုဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
ထို့နောက် ပုဒ်မ(၄၈)အရ ဗဟိုစစ်တရားရုံးချူပ်ကို ဖွဲ့စည်းပြီး ဥပဒေပြဌာန်းချက်နှင့်အညီ ကျူးလွန်သူ KNDF တပ်သား (၂)ဦး အား စစ်အက်ဥပဒေ ပုဒ်မ (၂၂)၊ (၃၀)အရ ထောင်ဒဏ်(၂၀)နှစ်နှင့် (၁)လပြစ်ဒါဏ်ခံယူရန် ဗဟိုစစ်ခုံရုံးအဖွဲ့မှ ယနေ့တွင် စီရင်ချက်ချ မှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။
“တရားမျှတ မှုကို အာမခံပေးတဲ့ အပြစ်ပေးအရေးယူမှု(စီရင်မှု)တစ်ခုကို လုပ်ပေးပါ ဆိုပြီး သေဆုံးသူရဲ့ မိသားစုဘက်က တောင်းဆိုတာ ရှိခဲ့တယ်။ကျွန်တော်တို့ KNDF အနေနဲ့ကလည်း တပ်ဖွဲ့ဝင်တွေ ပြစ်မှုကျူးလွန်တာရှိရင် ဒါကို စုံစမ်းစစ်ဆေးပြီးတော့မှ အဆင့်ဆင့်ခုံရုံဖွဲ့ပြီး အပြစ်ပေးစီရင်မှုတွေ ရှိပါတယ်။အဲဒီလို အပြစ်ပေးအရေးယူမှုတွေကို စစ်ဘက်ဆိုင်ရာ အက်ဥပဒေနဲ့ဆောင်ရွက်နေပါတယ်။KNDF ရဲ့ စစ်ဘက်ဆိုင်ရာ အက်ဥပဒေကို ၂၀၂၂ ခုနှစ်မှာ စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်”KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အနေဖြင့် သစ္စာအဓိဌာန်(၅)ချက်၊ နိုင်ငံရေး မူဝါဒကြေညာစာတမ်းနှင့်အညီ လိုက်နာကျင့်သုံးရပ် တည်မှုကို ဆောင်ရွက်နေကြောင်းလည်း အသိပေးသည်။