ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့နယ် ၊ကော့ဘိန်းကျေးရွာ မှာ ဒီနေ့ (မတ်လ ၂၄ ) မနက် အစောပိုင်းက စစ်ကောင်စီတပ်နဲ့ KNU ဦးစီးတဲ့ ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံကသိရပါတယ်။
ကော့ဘိန်းရွာ နယ်မြေရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒီမနက်ပိုင်းမှာ ပူးပေါင်းတပ်တွေက ဝင်တိုက်ရာကနေ တိုက်ပွဲပြင်းထန်ခဲ့တာပါ။
“ရဲစခန်းကြီးရှိတယ်၊ အဲ့မှာ စစ်သားတွေရှိတယ် ၊သူတို့စောင့်ကြပ်နေတာ ၊ (တိုက်ပွဲက) တအုံးအုံးပဲ” လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
ကော့ဘိန်းရွာကို KNU ဦးစီးတဲ့ ပူးပေါင်းတပ်က ဝိုင်းထားတယ်လို့သိရပြီး တိုက်ပွဲတွေကြားမှာ ဒေသခံတွေလည်း ပိတ်မိနေကြတယ်လို့ သိရပါတယ်။
” ပြေးလို့မရပါ၊ အပြင်ပေးမထွက်ပါဘူး၊ အလုံးကြီးသံ ဆက်တိုက်ကြားနေရပါတယ်၊ လေယာဉ်သံတွေလဲ ဆက်တိုက်ပါ ၊ လမ်းပိတ်ထားလို့ ထွက်မရသေးပါဘူး” လို့ ဒေသခံက ပြောပါတယ်။
ကော့ဘိန်းရွာဟာ ကရင်အမျိုးသားအစည်းအရုံး(KNU ) တပ်မဟာ ၆ စစ်ရေးလှုပ်ရှားရာ နယ်မြေ ၊ ကော့ကရိတ်ခရိုင် ၊ကျုံဒိုးမြို့နယ်ခွဲထဲမှာ တည်ရှိပါတယ်။