မြန်မာဘက်ခြမ်းက စစ်ဘေးရှောင်များအတွက် အကူညီများကို ယနေ့ မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်ရှိ အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းများအရ သိရသည်။
ထိုင်းကြက်ခြေနီအသင်းမှ ကရင်ပြည်နယ်ဘက်သို့ လွဲပြောင်း ပို့ဆောင်လိုက်သော အကူညီများထဲတွင် ကယ်ဆယ်ရေး ပစ္စည်းများ၊ ဆန်နှင့် အစားသောက်များ ပါဝင်ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြကြသည်။
အဆိုပါ အကူညီပေးရေး လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ထိုင်းကြက်ခြေနီအသင်း၊ မြန်မာကြက်ခြေနီအသင်းနှင့် ကရင်ပြည်နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ထိုင်းက ပို့ဆောင်ပေးခဲ့သည့် ယူနစ် ၄၀၀၀ ကျော် အကူညီများကို KNU တပ်မဟာ ၇ အတွင်း ကျေးရွာ ၃ ရွာမှ စစ်ဘေးရှောင်များထံ ပေးပို့မည့်ဖြစ်သည်။
အထောက်အပံ့အကူအညီကို စစ်ကောင်စီဖက်က လက်ခံလွှဲပြောင်းရယူခဲ့၍ အမှန်တကယ် စစ်ရှောင်များထံ လုံလောက်စွာပေးမပေးကို စောင့်ကြည့်ရမည်ဟု ထိုင်းနိုင်ငံရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများထံမှ သိရသည်။