ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဘာမြူဒါ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၂၅ ရက်နေ့ ည ၈ နာရီခန့်တွင် ပေါက်ခေါင်းမြို့၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
“ဒီကောင်တွေက ရပ်ရွာတွေ စစ်ကြောင်းထိုးပြီး မီးရှို့နေလို့ တော်လှန်ရေးအဖွဲ့တွေက မြို့ပေါ်တက်ပြီး ဆော်တာပါ။ အဲကောင်တွေက ရွာတွေဆင်းပြီး မီးရှို့နေတာကို မကျေနပ်လို့ လုပ်တာ” ဟု ဘာမြူဒါ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ၃၆၀၂ တပ်ရင်း နှင့် ဘာမြူဒါ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး မြို့ပေါ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် စစ်တပ်က တပ်စွဲထားသော ရုံးများကို ဦးတည် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း သိရသည်။