မန္တလေးမြို့တွင် စစ်ကောင်စီထံသတင်းပေးပြီး ပြည်သူများအား ခြိမ်းခြောက်ငွေတောင်းခံနေသည့် မှုခင်းသတင်းထောက်ရုံးအား လူတစ်စုက ဓါးဖြင့်ဝင်ခုတ်၍ လေးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
မတ်လ ၂၃ရက် ည ၁၂နာရီခွဲခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ နေပြည်တော် မှုခင်းသတင်းထောက်ရုံးသို့ လူလူဦးရေ ၅၀ခန့်ရှိသည့် လူအုပ်စုရောက်ရှိလာပြီး ရုံးအား ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ရုံးအတွင်းဝင်ရောက်၍ ဓါးဖြင့်ခုတ်ခဲ့ရာ လေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း နီးစပ်သူများက ပြောသည်။
” တစ်ယောက်က ကြောက်ပြီး အနီးကနာရေးအိမ်ထဲဝင်ပြေးတယ်။ နာရေးအိမ်ထဲထိ လိုက်ခုတ်တာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဓါးဖြင့်အခုတ်ခံရသူများသည် ရုံးတာဝန်ခံနှင့် မှုခင်းသတင်းထောက်များဖြစ်ပြီး ဒဏ်ရာပြင်းထန်၍ ဆေးရုံတက်ကုသနေရသည်ဟု သိရသည်။
အဆိုပါ မှုခင်းသတင်းထောက်များသည်လည်း စစ်ကောင်စီထံသတင်းပေးပြီး ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ငွေညှစ်ခြင်း၊ ၊ ဥပဒေနှင့်မလွတ်ကင်းသည့် အလုပ်လုပ်ကိုင်သူများထံမှ လိုင်းကြေးကောက်ခံနေသူများဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“မှုခင်းသတင်းထောက်တော်တော်များများက သတင်းပေးတွေ။ ပြည်သူတွေကိုလည်း ခြိမ်းခြောက်ငွေညှစ်နေတာ။”ဟု ပြည်ကြီးတံခွန် မြို့နယ်နေထိုင်သူတစ်ဦးက ပြောသည်။
မှုခင်းသတင်းထောက်ရုံးအား ဝင်ရောက်စီးနင်းရိုက်နှက်ခဲ့သူများမှာ ပြည်ကြီးတံခွန်မြို့နယ်နေ ပျူစောထီးခေါင်းဆောင် အောင်နိုင်ထွေး(ခ)နူတ်ခမ်းမွှေးခေါင်းဆောင်သည့် ပျူစောထီးအဖွဲ့ဖြစ်ကြောင်း အဆိုပါ ပျူအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
“ဝင်လုပ်တဲ့ပျူအဖွဲ့ထဲကခေါင်းဆောင်က ပျူခေါင်းဆောင် ဖြစ်တာမကြာသေးဘူး။ သူ့ထက်အရင်ခေါင်းဆောင်က တိုက်ပွဲတစ်ခုမှာကျသွားတာ။”ဟု နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီထံသတင်းပေးမှုနှင့် ခြိမ်းခြောက်ငွေညှစ်မှုများကြောင့် အာဏာသိမ်းကာလအတွင်း မှုခင်းသတင်းထောက် ခြောက်ဦးထက်မနည်း သတ်ဖြတ်ခံထားရသည်။
ဒီချုပ် အစိုးရလက်ထက် ၂၀၁၈ ဇွန်လအတွင်းက မှုခင်းသတင်းထောက်များအသင်းကို သတင်းမီဒီယာအဖွဲ့အဖြစ် လက်မခံကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်ကြေညာခဲ့ဖူးသည်။