ဖားကန့်တွင် ယမန်နေ့ည ( မတ်လ ၂၆ ရက်)က မိုးသည်းထန်စွာရွာခဲ့ပြီး မိုးသီးများလည်း ကြွေကျကာ နေအိမ်အချို့ပျက်စီးခဲ့သည်။
ဖားကန့် မြို့ပေါ်ရပ်ကွက်များရော ကျောက်စိမ်းမှော်များတွင်ပါ ည ၁၀နာရီခွဲမှစ၍ မိုးရွာပြီး မိုးသီးများ ကြွေကျခဲ့ခြင်းဖြစ်သည်။
” မိုးသီးတွေကြောင့် သွပ်တွေပေါက်တာအများကြီးပဲ။ မိုးရော လေရော မိုးသီးရော ချတာ။ ရေမဆေးတွေလည်း ထိခိုက်မှုတွေ ရှိတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
မိနစ် ၂၀ခန့်ကြာ မိုးသည်းထန်စွာရွာပြီးနောက် ရာသီဥတုအခြေအနေပြန်တည်ငြိမ်သွားပြီး ယနေ့(မတ်လ ၂၇ရက်) နံနက်တွင် ပုံမှန်ရာသီဥတုအခြေအနေရှိနေကြောင်း ဒေသခံများကပြောသည်။
မိုးသီးကြွေကြမှုကြောင့် နေအိမ်အများအပြား အမိုးပေါက်ပြဲပျက်စီးခဲ့ပြီး ယနေ့နံနက်တွင် သွပ်ဈေးများ မြင့်တက်ခဲ့ကြောင်း၊ ဝယ်မရသည်အထိ ပစ္စည်းပြတ်လပ်သွားကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၀ရက်နှင့် ၂၁ရက်ကလည်း ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင် နေရာကွက်၍မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်းနှင့်ဘာသာရေးအဆောက်အအုံများအပြင် လူနေအိမ်အချို့ ပျက်စီးမှုများရှိခဲ့သည်။
မတ်လအတွင်း မိုးတိမ်တောင်ဖြစ်စဥ် စတင်ဖြစ်ပွားနေပြီး ဒေသအချို့၌ အချိန်အခါမဟုတ်မိုး ရွာနိုင်ကြောင်းနှင့်မိုးတိမ်တောင်ဖြစ်စဉ်ကြောင့် ရုတ်တရက်လေပြင်းတိုက်ခိုက်ခြင်း၊မိုးကြိုးပစ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ဖြစ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM)ကသတိပေးထားသည်။