မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် တစ်သောင်းတန်ငွေစက္ကူအတု အရွက်တစ်ထောင်ကျော်(ကျပ် ၁၀ သန်းကျော်) သိမ်းဆည်းရမိပြီး မီးရှို့ဖျက်ဆီးလိုက်ကြောင်း Y.L.K – ပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
မတ်လ(၂၃)ရက်နေ့က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာတစ်ရွာတွင်နေထိုင်သူ အမျိုးသမီးတစ်ဦး၏နေအိမ်အား Y.L.K – ပြောက်ကျားတပ်ဖွဲ့နှင့် ဒေသတွင်းအဖွဲ့အစည်းများပူးပေါင်း၍ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သည်။
ထိုနေအိမ်မှ ငွေကျပ်တစ်သောင်းတန်ငွေစက္ကူအတု ၁၀၁၄ ရွက်နှင့် တစ်ထောင်တန် ငွေစက္ကူအတု ၆ ရွက်တို့အားသိမ်းဆီးရမိခဲ့ကြောင်း Y.L.K – ပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ထို ငွေစက္ကူအတုများဆက်လက်မပြန့်ပွားရန် မတ်လ(၂၅)ရက်နေ့တွင် Y.L.K – ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မုတ်ဆိတ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟုသိရသည်။
“ဆယ်သိန်းနဲ့ဝယ်ထားတဲ့ပိုက်ဆံတွေ။ ပြည်သူတွေနောက်တခါ ဂျင်းမိကုန်မှာစိုးလို့ ပြည်သူတွေအချင်းချင်း ဒုက္ခမပေးမိအောင် ဖမ်းဆီးပြီး မီးရှို့တာပါ။ တစ်ယောက်နဲ့တစ်ယောက် စာနာကြပါလို့ မေတ္တာရပ်ခံပါတယ်။”ဟုY.L.K -ပြောက်ကျားတပ်ခေါင်းဆောင် ဗိုလ်မုတ်ဆိတ်က ပြောသည်။
ပြည်သူများအနေဖြင့် ငွေစက္ကူများ သုံးစွဲရာတွင် သေချာစွာ ကြည့်ရှုစစ်ဆေးရန်နှင့် စစ်ဆေးခြင်းမပြုဘဲ ပေါ့ဆ၍ ငွေစက္ကူအတုများ လက်ဝယ်ရောက်ရှိလာပါက ကိုယ်တိုင်မီးရှို့ဖျက်ဆီးခြင်း၊ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ အပ်နှံခြင်းများပြုလုပ်၍ ပူးပေါင်းပါဝင်ပေးရန် Y.L.K – ပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။
ငွေစက္ကူအတုမှန်း သိလျက်နှင့် ဆက်လက်သုံးစွဲနေပါက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှချမှတ်သည့် ပြစ်မှုပြစ်ဒဏ်များအတိုင်းထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဟု Y.L.K – ပြောက်ကျားတပ်ဖွဲ့က ထပ်မံသတိပေးထားသည်။