ရခိုင်ပြည် စစ်တွေမြို့အတွင်းက လူမနေအိမ်များကို စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းအဖွဲ့က ပစ္စည်းများခိုးယူဖောက်ထွင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တွေမြို့ပေါ် တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်ခြင်းနှင့် စစ်ကောင်စီက မြို့ထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ စစ်တွေနေဒေသခံပြည်သူများမှာ ဘေးကင်းရာနေရာများနှင့် ကျေးလက်ဒေသများကို အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်တွေမြို့တွင် ဒေသခံအများစုက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရချိန်တွင် စစ်ကောင်စီတပ်သားပူးပေါင်းအဖွဲ့က လူမနေအိမ်များကို ဖောက်ထွင်းနေကြကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
” ည ၉ နာရီကျော်ပြီဆိုရင် စစ်ကောင်စီတပ်သားတွေ၊ ရဲတွေက ညကင်းလှည့်ကျတယ်။ အိမ်တွေကို ဧည့်စာရင်းစစ်မယ်ဆိုပြီး လူမနေအိမ်တွေကို ဝင်ရောက်ပြီး တန်ဖိုးရှိပစ္စည်းတွေ ခိုးယူနေကြတယ်။ တချို့တပ်သားတွေဆိုရင် နေ့ခင်းကြောင်တောင် ခိုးယူကြတာ။ စစ်တွေမှာက လူမနေတဲ့အိမ်တွေ အများကြီးရှိသွားပြီလေ။ တီဗီတွေ၊ အဝတ်တွေ၊ ဆိုင်ကယ်၊ စက်ဘီးတွေ ယူတာတွေရှိနေတယ်။ ” ဟု ပြောသည်။
လမ်းမတော် တောင်/ မြောက် ရပ်ကွက်၊ ကျေးပင်ကြီးရပ်ကွက်၊ ကုန်သွယ်တန်းရပ်ကွက်နှင့် မင်းဘာကြီးလမ်းတစ်လျှောက်က နေအိမ်အချို့ ဖောက်ထွင်းခံထားရကြောင်း သတင်းရင်းမြစ်က ဆိုသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သားများက စစ်တွေရှိ လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓ္ဓမခေါ်ယူနေ၍ အသက် ၁၈ နှစ်နှင့် ၃၅ နှစ်အတွင်း လူငယ်ရှိသော မိသားစုများမှာ ထွက်ပြေးတိမ်းရှောင်မှု များပြားနေကြသည်။
စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက ရသေ့တောင်ဒေသတွင် AA နှင့် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း လူမနေကျေးရွာများနှင့် ဒေသခံများထံမှ ဓါးမြတိုက်ယူခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသည်အထိ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့နယ် တင်းမကျေးရွာနှင့် မာလာ (ရခိုင်) ကျေးရွာမှ ပြည်သူပိုင် စပါးများ၊ ဆန်များ၊ အိုးခွက်ပန်ကန်များနှင့် အဝတ်အစားများ၊ နေအိမ်များအား ဖြိုဖျက်ခြင်းတို့ကိုလည်း ၂၀၂၁ ခုနှစ်က စစ်ကောင်စီတပ်သားများက လုပ်ခဲ့ကြသည်။