ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
စစ်ကောင်စီက တင့်ကားများ၊ ဒရုန်းများ၊ လက်နက်ကြီးနှင့် လေကြောင်း ပစ်ကူများ သုံးပြီး ၎င်းတို့ လက်လွှတ်ခဲ့ရသည့် ဆီဆိုင်မြို့ကို ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုကို ခွန်ရိန်းယံက ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။
“မနေ့ညက ဆီဆိုင်မြို့ထဲကို လက်နက်ကြီးတွေ ပစ်ထည့်တာ အချက် ၂၀ ကျော်လောက်ရှိတာပေါ့။ဆိုက်ခေါင်ကနေ ဆီဆိုင်ဘက်ကို လက်နက်ကြီး ပစ်တာ။တိုက်ပွဲကတော့ နေ့တိုင်း ဖြစ်နေတယ်။ မနေ့ကလည်းဖြစ်တယ်။ ဒါပေမဲ့ ပြင်ပြင်းထန်ထန် တစ်နေကုန်လုံး ဖြစ်တာမျိုးတော့ မဟုတ်ဘူး။ မနက်ပိုင်းမှာ ၁နာရီလောက်ဖြစ်တယ်။ ညနေပိုင်းမှာလည်း ၁နာရီကျော် ၂နာရီလောက်ဖြစ်တယ်” ဟု ခွန်ရိန်းယံက ယနေ့မတ်လ ၂၉ရက်တွင် ပြောပြသည်။
မြို့တွင်း တိုက်ပွဲဆက်ရှိနေပြီး စစ်ကောင်စီတပ်က ဆီဆိုင်မြို့ မွေတော်ဘုရား၌ တပ်စွဲထားသည်ဟု ဆိုသည်။
“ဆီဆိုင်မြို့ရဲ့ ကျက်သရေဆောင်မွေတော်ဘုရားကိုလည်း စစ်ကောင်စီက ပစ်ခတ်ဖျက်ဆီးလိုက်တာ တော်တော်များများ ပျက်စီးသွားတယ်။ အခုတော့ ဘုရားစေတီကုန်းပေါ်မှာ သူတို့ ကနေပြီး မြို့ထဲကို လက်နက်ကြီးတွေ လှမ်းပစ်တာ အဲဒီလိုမျိုးလုပ်နေတာ” ဟုခွန်ရိန်းယံကပြောသည်။
PNLAသည် ယခုနှစ် ဇန်နဝါရီလကုန်ပိုင်း၌ ဆီဆိုင်မြို့ကို ရက်ပိုင်းအတွင်း သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ဆီဆိုင်မြို့ ပြန်ရရေးပြန်လည်ထိုးစစ်ဆင်နေရာ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ဆီဆိုင်မြို့ ဆုံးရှုံးပြီးနောက် ပအိုဝ်းဒေသရှိ ဆီဆိုင်မြို့နှင့် ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများဆက်တိုကိ ပြုလုပ်ဖျက်ဆီးနေသည်။ ဆီဆိုင်အပြင် ဟိုပုံး၊ ပင်လောင်းနှင့် ညောင်ရွှေမြို့ ကျေးရွာအချို့ကို စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ ပစ်ခတ် တိုက်ခိုက်မှုများလုပ်ခဲ့ရာ ပြည်သူလူထု နေအိမ်များ ၊ ဘာသာရေးအဆောက်အဦးများ ပျက်စီးခဲ့ကြောင်း PNLAက အသိပေးထားသည်။