မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်းရွာက အကြမ်းဖက် ပျူတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၄ဦးသေဆုံးခဲ့တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးရွာတွေဖြစ်တဲ့ လေးရွာနဲ့ မြောက်ခင်ရန်းရွာက ပူးပေါင်းအင်အား ၈၀ ကျော်ခန့်ရှိတဲ့ ပျူစောထီးစစ်ကြောင်းဟာ မတ်လ ၂၇ရက်က လက်နက်ကြီး၊ လက်နက်ငယ်များကို အသုံးပြုကာ အနီးပတ်ဝန်းကျင် စစ်ဘေးရှောင်များရှိရာကို စစ်ကြောင်းထိုးမှုတွေပြုလုပ်ခဲ့တာကြောင့် ယောကာကွယ်ရေးတပ်ဖွဲ့က ၆၀ မမ မော်တာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
” လူသတ်၊ မီးရှို့၊ ဓားပြတိုက်နေသော ပျူစောထီးများ တောတိုက်တနေရာ တောရကျောင်းကို အကာအကွယ်ယူ၍ စခန်းချ နားနေစဉ် မိမိတို့ တပ်ဖွဲ့ဝင်များမှ ၆၀ မမမော်တာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ” လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖော်ပြပါတယ်။
ယောဒေသကာကွယ်ရေးတပ်ပစ်ခတ်တဲ့ မော်တာသီးတွေဟာ ပျူစောထီးတွေ နားနေရာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပျူစောထီး ၄ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတချို့ရှိကာ လက်နက်ခဲယမ်းတချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အသိပေးဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ပျူစောထီးတွေ ပြန်လည် ဆုတ်ခွာသွားခဲ့ကာ လက်နက်ကြီး ကျရောက်ပေါက်ကွဲရာနေရာကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နယ်မြေရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ရာ ပျက်စီးသွားတဲ့ သေနတ်ဒင် (သစ်သားဒင်) တချို့နဲ့ သွေးစတချို့ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီ အင်အား ၄၀ ပါ ပျူစောထီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကလည်း စစ်ဘေးရှောင်စခန်းတွေကို စစ်ကြောင်းထိုးခဲ့ပြီး လူနေတဲ ၇ လုံးကို မီးရှို့ဖျက်ဆီးကာ အသုံးအဆောင်နဲ့ ရိက္ခာတွေကို ခိုးယူခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။