မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်၊ ခက်သင်ကျေးရွာကို စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ(၄)ဦးထိခိုက်ဒဏ်ရာရပြီး ၊ကလေးတစ်ဦးအသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။
ယနေ့ ( မတ်လ၃၁) နံနက်(၉)နာရီခန့်က စဥ့်ကူးမြို့နယ်၊ ခက်သင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် (၃)ချက်ပစ်ခတ်ခဲ့ရာ ကလေးတစ်ဦးအပါအဝင်ပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရှိကြောင်း ကင်းထောက်မြေပြင်သတင်းအဖွဲ့(စဥ့်ကူး)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကလေးတစ်ယောက်တော့ စိုးရိမ်ရလို့ ဆေးရုံပို့ထားတယ်ပြောတယ်။ သက်သက်ကိုထုနေတာ။ခက်သင်ကိုပဲ မဲနေတာ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီးထိခိုက်ခဲ့ဒဏ်ရာရသူများ၏ အသေးစိတ်အချက်အလက်များ မရရှိသေးပေ။
စဥ့်ကူးမြို့ပေါ်မှစစ်အုပ်စုက အင်အား(၁၅)ဦးခန့်ဖြင့် ရွှေလှေရွာအနီးမှလာရောက်ပစ်ခတ်နေခြင်းဖြစ်ပြီး ဧရာဝတီမြစ်တဖက်ကမ်းရှိ ဝက်လက်နယ်သို့ပါ တိုက်ခိုက်နိုင်ရန် ခက်သင်ရွာကို ပစ်ခတ်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။
တော်လှန်ရေးအင်အားစုများက ဒေသခံပြည်သူများအနေဖြင့် အကာအကွယ်များ၊ ပုန်းခိုကျင်းများတူးထားကြရန်သတိပေးသည်။
၂၀၂၃ ခုနှစ် ဧပြီလ(၂၀)ရက်နေ့ကလည်း ခက်သင်ရွာကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ခဲ့၍ အိမ်ခြေ(၂၀၀)ကျော် ပြာကျပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံခဲ့ရသည်။