ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သော ကျိုက်ဒုံဗျူဟာစခန်းသိမ်းတိုက်ပွဲ၌ Federal Wings ဒရုန်းတပ်ဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း Federal Wingsက ယနေ့ အသိပေး ထုတ်ပြန်သည်။
ကျိုက်ဒုံဗျူဟာကို မတ်လ ၁၄ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗျူဟာမှူးဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်သည့် အရာရှိ စစ်သည် ၆၆ ဦး လက်နက်ချ ခဲ့ပြီး စစ်ကောင်စီ ၁၁ဦးသေဆုံးခဲ့သည်ဟု KNUက အသိပေးထားသည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးငယ်မျိုးစုံ ၁၃၀ ကျော်နှင့် ခဲယမ်း၊ကျည်များစွာ သိမ်းပိုက်ရရှိခဲ့သည်။
“မတ်လ (၁၄) ရက်နေ့က လနချအညံ့ခံသွားတဲ့ ကျိုက်ဒုံဗျူဟာကို ဝုန်းခဲ့ကြတာမှာ FW ပါမှန်း မသိကြဘူးမလား။ ပါတာမှ တစ်ဖွဲ့ထဲမဟုတ်။ FW(Cobra Column) + FW (KNDO) + FW (ကြာအင်း) သုံးဖွဲ့တောင် ဝိုင်းဝုန်းကြတာပါ” ဟု FederalWings က အသိပေးသည်။
ဇန်နဝါရီ ၂၇ရက်မှမတ်လ ၁၃ရက်နေ့အထိစစ်ဆင်ရေးတစ်လခွဲအတွင်း Federal Wings တပ်ဖွဲ့များက ဗုံးသီး တစ်ထောင်နီးပါး အသုံးပြု တိုက်ခိုက်ခဲ့သည်ဟုလည်းဖော်ပြသည်။
“အသံမထွက်ခဲ့ကြတဲ့ ကြိတ်တီး ကြိတ်ဝုန်း ကြိတ်ပြုံးလေးတွေပါ။အခုကတော့ မပြောမပြီး မတီးမမြည်မှာတွေရှိတာကြောင့် ပြီးသင့်တာတွေပြီး မြည်သင့်တာတွေမြည်ရအောင် အခုလို ပြောရ တီးရတဲ့သဘောပါခင်ဗျ။ရှေ့လျှောက် ဒီထက်သတင်းကောင်းတွေ ကြားကြရပါစေကြောင်း ဆုတောင်းကြမ်းကြရအောင် မိဘပြည်သူအပေါင်းတို့ရေ” ဟုလည်း Federal Wings တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။