မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတ်မှတ်ထားသော နေရာများမှလွဲ၍ အခွန် ကောက်ခံခြင်းမပြုရန် ပခုက္ကူမြို့နယ် ပအဖက ဧပြီ ၁ရက်တွင် ကြေညာသည်။
ယခုကာလတွင် ပခုက္ကူမြို့နယ်အတွင်းရှိ လမ်းမကြီးများနှင့် လမ်းပိုင်းအချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ လုံခြုံရေးဂိတ်များ၊စစ်ဆေးရေးဂိတ်များအား ဝါးတားဂိတ်များဖွင့်လှစ်ကာ အခွန်ကောက်ခံနေသည်ကို တွေ့ရှိရကြောင်း ပခုက္ကူမြို့နယ် ပအဖအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ကြောင့် ဧပြီ ၁ရက်မှစ၍ ပခုက္ကူမြို့နယ်တွင်း ပအဖက အခွန်ကောက်ခံရန်သတ်မှတ်ထားသော နေရာများမှလွဲ၍ အခွန်ကောက်ခံခြင်း၊ဆက်ကြေးတောင်းခံခြင်း လုံးဝ(လုံးဝ) ဆောင်ရွက်ခွင့်မပြုကြောင်း အမိန့် ထုတ်ပြန် လိုက်သည်ဟု ပအဖက ကြေညာသည်။
“ဝါးတားဂိတ်တွေဖွင့်ပြီး ငွေတောင်းတာတွေ၊ပြည်သူ့အပေါ်အနှောင့်အယှက်ဖြစ်စေတာတွေကိုတားဆီးဖို့ ကြေညာချက်ထုတ်လိုက်တာပါ။”ဟု ပခုက္ကူမြို့နယ် ပအဖတာဝန်ခံက ပြောသည်။
လိုက်နာရန်ပျက်ကွက်ပါက မြို့နယ်ကာကွယ်ရေး၊ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ ဆုံးဖြတ်ချက် ဖြင့် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဟု ပအဖက သတိပေးသည်။
ပအဖ၏ခွင့်ပြုချက်ဖြင့် အခွန်ကောက်ခံမည့်အစီအစဥ်ကိုမူ လာမည့်မေလ ၁ရက်တွင် သတ်မှတ်ထားသော နေရာများ၌ စတင်ကောက်ခံမည်ဟု သိရသည်။
အခွန်ဟူသည် ပြည်သူလုထုအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်ရန်မလိုအပ်ဘဲ သင့်လျော်မျှတသောနှုန်းထားဖြင့်သာ ကောက်ခံရန်ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်း၊ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကမျှ လက်ဝါးကြီးအုပ်စိုးမိုးချုပ်ကိုင်ရန်မဟုတ်ဘဲ ဒေသဖွံ့ဖြိုးရေးနှင့် နယ်မြေတည်ငြိမ်ရေးကဏ္ဍများအတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်ထောင်စုအဆင့် အညီအမျှ အချိုးကျမျှဝေသုံးစွဲရမည်ဟူသောမူဝါဒကို လက်ခံကျင့်သုံးသွားမည်ဟု ပအဖက ထပ်မံအသိပေးထားသည်။
ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့တွင်လည်း စစ်ဆေးရေးဂိတ်များဖွင့်၍ အခွန်ကောက်ခံခြင်းမပြုရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက သတိပေးထားသည်။