ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း အများအပြားကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က အချိန်တိုအတွင်း တိုက်ခိုက်သိမ်းပိုက်နေသည့်အခြေအနေတွင် စစ်ကောင်စီတပ်က စစ်ရှုံးရာဒေသရှိ တပ်များမှ တပ်မှူးများကို အနားပေးပြီး အစားထိုးခန့်အပ်မှုများ လုပ်ဆောင်လျက်ရှိဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIAသည် ၂၀၂၃ အောက်တိုဘာ ၁၈မှစ၍ ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ ယခု ၂၀၂၄ မတ်လ ၇ရက်တွင် ထိုးစစ်အရှိန်မြှင့်ပြီး တပ်စခန်းအများအပြားကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်မှုများ လုပ်ဆောင်ခဲ့သည်။
တစ်လနီးပါးအတွင်း လိုင်ဇာအနီး၊ ဝိုင်းမော်၊ မိုးမောက် မြို့နယ်များမှ တပ်စခန်းအများအပြားနှင့် တနိုင်း၊ ဆွမ်ပရာဘွမ်၊ ဖားကန့်၊ မံစီ မြို့နယ်များမှ စစ်ကောင်စီတပ်စခန်းများကိုလည်း သိမ်းပိုက်ခဲ့ရာ မတ်လနှင့် ဧပြီလဆန်းအတွင်း တပ်ရင်းဌာနချုပ်များ၊ ဗျူဟာကုန်းများ အပါအဝင် တပ်စခန်း ၇၀ခန့် သိမ်းပိုက်ရရှိခဲ့သည်။
ထိုသို့ တပ်စခန်းများစွာ စွန့်လွှတ်ခဲ့ရသည့် စစ်ကောင်စီတပ်သည် ဗန်းမော်အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) စခခမှူး၊ တပ်မ(၈၈)လက်အောက်ခံ နည်းဗျူဟာအဖွဲ့မှ နည်းဗျူဟာမှူး၊ တနိုင်းအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူးတို့အား မကြာသေးမီရက်များအတွင်း အနားပေးပြီး အစားထိုးခန့်အပ်မှုများ လုပ်ဆောင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စကခ(၂၁)မှ စကခမှူး ဗိုလ်မှူးကြီး ကျော်ဇင်အေး ၊ နည်းဗျူဟာ(၈၈၁)နည်းဗျူဟာ မှူး ဗိုလ်မှူးကြီး သက်ခိုင်၊ တနိုင်း ဒကစမှူး ဗိုလ်မှူးကြီး မြတ်မင်းမိုးတို့အား အရန်အင်အားသို့ ပို့ဆောင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ အရန်အင်အားဆိုတာ စစ်ရုံးချုပ်မှာ အလုပ်လက်မဲ့ ထားလိုက်တာပါ”ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။“
ယခု KIA သိမ်းထားသည့် စစ်ကောင်စီ တပ်စခန်း အများစုသည် စကခ(၂၁) နှင့် တပ်မ(၈၈) လက်အောက်ခံ တပ်စခန်းအများစုဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ယခုတွင်လည်း တပ်မ(၈၈) အောက်မှ အမှတ်(၈၈၁) နည်းဗျူဟာအဖွဲ့ နည်းဗျူဟာမှူးကို အနားပေးခဲ့ခြင်းဖြစ်သည်။ နည်းဗျူဟာမှူးသည် တပ်မ အောက်ရှိ တပ်ရင်း(၃)ရင်းကို ဦးစီးပြီး တိုက်ပွဲဝင်ရသူဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
လစ်လပ်သွားသည့် စကခ(၂၁) စကခမှူးနေရာသို့ ဗိုလ်မှူးကြီး တင်မင်းလတ်၊ တနိုင်းဒကစမှူး နေရာသို့ ဗိုလ်မှူးကြီး ကျော်ဖုန်းအောင် တို့အား စစ်ကောင်စီက တာဝန်ပေးခဲ့သည်ဟုဆိုသည်။
“ဘယ်တပ်မှူးပဲ ရောက်ရောက် KIAအတွက်တော့ မှုစရာကို မလိုတာပါ”ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် အခြေချစစ်ဗျူဟာ(ပူတာအို)စဗခမှူး ဗိုလ်မှူးကြီး မင်းသီဟ အား စကခ (၁၃) သို့ တာဝန်ပေးခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။
စစ်ကောင်စီသည် ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)တိုင်းမှူးနေရာများကိုလည်း အစားထိုးလဲလှယ်မှုများ လုပ်ဆောင်ခဲ့သည်။ ၂၀၂၃ နှစ်လယ်ပိုင်းက မပခ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နေရာတွင် ဗိုလ်ချုပ်စိုးလှိုင်အား တာဝန်ပေးခဲ့ပြီးယခု နှစ်ဆန်းတွင် ဗိုလ်ချုပ်စိုးလှိုင် အစား ဗိုလ်မှူးချုပ်အောင်ဇော်ထွေးအား တိုင်းမှူးအဖြစ် အစားထိုးတာဝန်ပေးထားသည်။ ယခု တပ်မှူး အပြောင်းအလဲ ပြုလုပ်ခဲ့သည့် စကခ(၂၁)၊ ဒကစ(တနိုင်း) နဗဟ ၈၈၁ နှင့် စဗခ(ပူတာအို) တို့မှ တပ်မှူးများသည်လည်း မပခတိုင်းလက်အောက်ရှိ တပ်များဖြစ်သည်။