ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဧပြီလ ၁ ရက်နေ့ နေ့လယ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
“ဒီနေ့ ၁၂ ကျော်မှာလာကြဲသွားတာ၊ ရဲစခန်းဘေးမှာရှိတဲ့အိမ်တွေကို ကြဲချသွားတယ်။ တိုက်ပွဲဖြစ်တာမရှိပါဘူး။ လူတွေတော့ ရှောင်နေတာကြာပြီ။ အိမ်တွေ ထိခိုက်ကုန်တာတော့ရှိတယ်”လို့ သူက ပြောပါတယ်။
လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနဲ့ နှစ်ကြိမ်ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ၃ လုံးကတော့ ထိခိုက်ပျက်စီးမှုများတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် နေရာတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကိုမကြာခနပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးအပတ်ထဲမှာလည်း ဖယ်ခုံမြို့နယ်ထဲက လအိကျေးရွာဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။