ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးနောင်လေကျေးရွာမှာ ၃ ရက်တစ်ကြိမ်နှုန်းနဲ့ စစ်ပညာ သင်ကြားဖို့ ပအိုဝ်းပြည်သူ့စစ် (PNA)က ခေါ်ယူနေတယ်လို့ ရွာခံတွေက ပြောပါတယ်။
မတ်လ အစပိုင်းလောက်ကတည်းက ခေါ်ယူနေတာ ဖြစ်ပြီး ကျေးရွာနေ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားအားလုံး လိုက်သွားကြရတယ်လို့ ဆိုပါတယ်။
ရွာခံအမျိုးသမီးတစ်ဦးက “ရွာလူကြီးက ပြောတယ်။ သူတို့လည်း ခေါ်ချင်လို့ ခေါ်တာမဟုတ်ဘူးပေါ့။ PNO ရဲ့ အထက်အမိန့်အရ မလွန်ဆန်နိုင်လို့ပါ။ တိုက်ပွဲလည်း ဝင်ရမှာ မဟုတ်လို့ အကုန်သွားကြပါပေါ့။ ဒါပေမယ့် အပြည့်အဝတော့ အာမခံချက် မရှိပါဘူး” လို့ ပြောပါတယ်။
တစ်ကြိမ်မှာ ဘယ်လောက်အရေအတွက် ကန့်သတ်ထားတာမျိုး မရှိဘဲ ရွာရှိ အကျုံးဝင်သူ အမျိုးသားအားလုံးဟာ ထန်စမ်းဂူအနီးမှာ သွားရောက်ပြီး စစ်ပညာသင်ကြားရတာလို့ လိုက်ပါသွားသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ပညာ သင်ကြားပြီးတဲ့ သူတွေကို ဘယ်မှာ တာဝန်ထမ်းဆောင်ရမယ်ဆိုတာ သတ်မှတ်ထားတာမျိုး မရှိသေးဘဲ လတ်တလော ရွာရဲ့ လုံခြုံရေး အနေနဲ့ပဲ အလှည့်ကျ တာဝန်ချထားတယ်လို့ ဆိုပါတယ်။
စစ်ပညာသင်ကြားခဲ့သူ တစ်ဦးက “၃ ရက်ပဲဆိုတော့ ပေါ့ပေါ့ပါးပါး ဖြစ်တော့ သွားကြတယ်။ ဟိုရောက်ရင်လည်း အခြေခံလောက်ပဲ သင်ရတာပါ။ ကျန်တာက ဟောပြောတာ ခပ်များများ။ တခြားရွာတွေလည်း အလှည့်ကျ ခေါ်မယ်လို့ ပြောတယ်”လို့ ပြောပါတယ်။
နမ့်ဆီးနောင်လေကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့နှစ်ကတည်းက တစ်အိမ် ၃၀,၀၀၀ ကျပ်နှုန်းနဲ့ PNA ကစစ်အသုံးစရိတ် ကောက်ခံနေပြီး နောက်ပိုင်းမှာ ရွာသူကြီးရဲ့ ညှိနှိုင်းမှုကြောင့် ပြီးခဲ့တဲ့ ၇ လက ၁၀,၀၀၀ ကျပ်နှုန်းကို လျှော့ချပေးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။