ရှမ်းတောင်အခြေစိုက် အမှတ်(၁၀၀၅)တပ်ရင်းက ပြုလုပ်နေတဲ့ အခြေခံစစ်သင်တန်းကို ယခင်ကထက် သင်တန်းတက်သူတွေများလာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်တဲ့ အပတ်စဉ် ၃ သင်တန်းမှာ သင်တန်းသားတွေ ယခင်ကထက်တိုးလာပြီး ဆက်သွယ်လာသူတွေလည်း အရင်ကထက်များလာတယ်လို့ ၁၀၀၅ တပ်ရင်းဆီကသိရပါတယ်။
“ အတိအကျဘယ်လောက် တိုးလာတယ်တော့ အဲ့လိုပုံမှန်တော့မရှိပေမယ့် စစ်မှုထမ်းဥပဒေထွက်စက တရက်ထဲ လူ ၁၀၊ ၂၀ ဆက်တိုက်ဆက်သွယ်လာတယ်။ ပြီးပြန်ငြိမ်သွားတယ်။ အခုမဲနှိုက်တော့ တခါထပ်ပြီးပြန်များလာတယ်။ ခုကလူမစစ်နိုင်ဖြစ်သွားလို့ အသစ်လက်ခံနားထားသေးတယ်။ ရှေ့ဖောင်ဖြည့်ထားသူကို မပြတ်ဘူးဖြစ်နေလို့”လို့ ၁၀၀၅ တပ်ရင်းရဲ့ သတင်းပြန်ကြားရေးနှင့် ရံပုံငွေရှာဖွေရေးတာဝန်ယူထားသူ မနန်းစံက ပြောပါတယ်။
လျှောက်လွှာဖောင်ဖြည့်ထားတဲ့ထဲက သတ်မှတ်ချက်နဲ့ကိုက်ညီသူတွေကို သေချာစစ်ဆေး ဆက်သွယ်ပြီးမှ လမ်းကြောင်းချိတ်ဆက် ခေါ်ယူတာလို့ ဆိုပါတယ်။
လက်ရှိပြုလုပ်နေတဲ့ အခြေခံစစ်သင်တန်းကာလ ၂ လ မှာ သက်လုံကောင်းစေအောင် လေ့ကျင့်ပေးတာဖြစ်ပြီး အခြေသင်တန်းဆင်းပြီးရင် မိမိကျွမ်းကျင်ရာအလိုက် တိုက်ခိုက်ရေး၊ ရှေးဦးသူနာပြု၊ သတင်းလုံခြုံရေး၊ လက်နက်ထုတ်လုပ်ရေး စသဖြင့် မွမ်းမံသင်တန်းတွေ ထပ်တက်ရမယ်လို့ဆိုပါတယ်။
၁၀၀၅ တပ်ရင်းအနေနဲ့ တတ်နိုင်သမျှ တော်လှန်ရေးကို မျက်နှာမူသူအားလုံးကို ခေါ်ယူချင်မယ့် တိုးမြင့်လာမယ့် ရိက္ခာ၊ အထွေထွေ၊ ယူနီဖောင်း စတဲ့ ဘတ်ဂျက်ကြပ်တည်းမှုကို ဖြေရှင်းရန် ဦးစားပေးစဉ်းစားရတာကြောင့် သင်တန်းဆင်းပြီး တာဝန်များခွဲဝေပြီးလျှင် လစ်လပ်ရှိပါက ထပ်မံကြေငြာသွားမယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီး ၃ နှစ်တာ ကာလအတွင်း ၁၀၀၅ တပ်ရင်း အနေနဲ့ ကရင်နီနဲ့ရှမ်းတောင်မှာ လက်ရှိအချိန်ထိ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေမှာ မဟာမိတ်တပ်ရင်းတွေနဲ့ ပူးပေါင်းတိုက်ခိုက်လျက်ရှိပါတယ်။