ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသကိုယ်စားပြု အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၀၀၉ IPDF က တောတွင်း နေထိုင်တိုက်ခိုက်ရေးသင်တန်းတွေ လေ့ကျင့်နေတယ်လို့ ပြောပါတယ်။
လက်ရှိမှာ လူသစ်တွေ တိုးလာတာဖြစ်လို့ စစ်ရေးတိုက်ပွဲဝင်သင်တန်းတွေမှာ ပါဝင်တဲ့ ခြေရာခံခြေရာကောက်၊ အရပ်မျက်နှာထိန်းသိမ်းတာ၊ တောတွင်းနေထိုင်စားသောက်တဲ့သင်ခန်းစာတွေ၊ အခြေခံလက်နက်သင်ခန်းစာတွေသာမက ရန်သူလက်နက် မိမိလက်နက် လက်တွေ့လေ့ကျင့်ခန်းတွေ ပြုလုပ်နေတယ်လို့ တပ်ရင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“တော်လှန်ရေးဟာ စျေးမပေါဘူးဆိုတာ လက်တွေ့လေ့ကျင့်တာပေါ့ဗျာ၊တပ်ဖွဲ့မှာ အင်းသားရော ဓနုကအစ လူမျိုးစုံပါဝင်တာမှာ သေဖော်သေဖက် ရဲဘော်ရဲဘက်စိတ်ဓာတ် အပြည့်အဝ ခံယူကျင့်သုံးဖို့ကအစ လူထုအပေါ်အနိုင်မကျင့်မိဖို့၊ ရိုးသားယဉ်ကျေးစွာဆက်ဆံတတ်ဖို့တွေပါ လေ့ကျင့်ရပါတယ်၊ မတရားတာကို မကြိုက်လို့ တော်လှန်တာမှာ ကိုယ်တိုင်က မတရားမလုပ်မိဖို့ အရမ်းအရေးကြီးပါတယ်” လို့ သူကပြောပါတယ်။
အစားကို လျှော့စားလို့ရပေမယ့် တိုးလာတဲ့ လူအင်အားအတွက် လက်နက်ခဲယမ်းကအစ အဝတ်အထည် အသုံးအဆောင်နဲ့သွားလာရေး၊ နေထိုင်ရေးတွေ အများအပြားလိုအပ်လာနေတယ်လို့ ပြောပါတယ်။
ဒီလကုန်မှာ သင်တန်းဆင်းမယ့် ရဲဘော်သစ်တွေအတွက် တပ်ရင်းထောက်ပို့အဖွဲ့အနေနဲ့ ကျည်ကာဦးထုပ်မရရင်တောင် ပျောက်ကြား ဦးထုပ်တွေလိုအပ်နေတာ သွားလာဖို့ကားလိုအပ်တာကအစ ဒီဇယ်ဆီ စတာတွေအတွက် Campaign တွေလုပ်ပြီး ရန်ပုံငွေစုဆောင်းကာ ဝယ်ယူနေရတာမှာ M-79 ၁လက်အတွက် အင်းလေးတိုက်တေး ကဏ္ဍပြီးဆုံးသွားပြီဖြစ်လို့ စေတနာရှင်တွေကို အထူးကျေးဇူးတင်တယ်လို့ ထောက်ပို့သူ တစ်ဦးက ပြောပါတယ်။
လက်ရှိ အင်းလေး ၁၀၀၉ IPDF တပ်ရင်းဟာ အခြားရှမ်းတောင်တော်လှန်ရေးတပ်ဖွဲ့တွေ၊ KNDF ကရင်နီတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး အင်းလေးဖယ်ခုံ၊ မိုးဗြဲဒေသတွေမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အင်းလေးဒေသကိုယ်စားပြု တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။