KIA ပူးပေါင်းတပ်က ဝိုင်းဝန်းပိတ်ဆို့ထားသည့် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့တွင် တစ်ခုတည်းကျန်ရှိသည့် စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၁၄၂) ကို ယနေ့ နံနက်ပိုင်းက ဝင်ရောက်ရှင်းလင်းရေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တရုတ်နိုင်ငံသို့ဝင်ရောက်ထွက်ပြေးသွားသဖြင့် စခန်းအတွင်း ဝင်ရောက်ရှင်းလင်းချိန် လက်နက်ခဲယမ်းအချို့နှင့် ပိုက်ဆံများ သိမ်းဆည်းရမိခဲ့ကြောင်း KIA အရာရှိတစ်ဦးက ပြောသည်။
“တရုတ်ဘက်ခြမ်းကိုအားလုံးထွက်ပြေးသွားပြီ။ အခုတော့နယ်မြေရှင်းလင်းရေးလုပ်နေတယ်။ အဲ့မှာက ခွေးတွေ ကားနှစ်စီးကျန်တယ်။ လက်နက်ပစ္စည်းတွေလည်း ကားတစ်စီးစာလောက်ရခဲ့တယ်။ လက်နက်ဂိုထောင်တစ်ခုလုံး ထားပေးခဲ့တာ။ ပိုက်ဆံက မြန်မာငွေကျပ်သိန်းတစ်သောင်းကျော်လောက်ထားခဲ့တယ်လို့ ကြားရတယ်” ဟုပြောသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယမန်နေ့ည ၁၀ နာရီခန့်က ထွက်ပြေးသွားသဖြင့် စခန်းကို ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက တရုတ်နိုင်ငံသို့ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦး ပြောသည်။
“အထဲမှာရှိနေတဲ့ သူတွေက မနေ့ညက ထွက်သွားကြပြီတဲ့ တကယ်လည်းမရှိကြတော့ဘူး။ တရုတ်ပြည်ဘက်ပြေးဝင်သွားပြီတဲ့ တရုတ်တွေလာခေါ်သွားတယ်တဲ့။ အခုဆို လွယ်ဂျယ်မှာ KIA နဲ့ ပူးပေါင်းတပ်သားတွေနဲ့ ပြည်သူတွေနဲ့ပဲရှိတော့တယ်။ မြင်ကွင်းကကျေနပ်စရာကောင်းလိုက်တာ။ ဘာပဲဖြစ်ဖြစ်ပျော်တယ် ခြံအလုပ်ထားခဲ့ပြီးမှကိုသွားကြည့်တာ” ဟုပြောသည်။
လွယ်ဂျယ်မြို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ရရှိထားပြီဖြစ်သောကြောင့် ၁၃ နှစ်ကြာပိတ်ထားသည့် မိုင်ဂျာယန် – လွယ်ဂျယ် လမ်းကိုလည်း ပြန်လည်ဖောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။
မြန်မာ – တရုတ်နယ်စပ် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ အားလုံးနှင့် ဆေးရုံကို ပြီးခဲ့သည့် ဧပြီ ၄ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး (KIA) ပူးပေါင်းတပ်က ချိတ်ပိတ်ကာ အလံများလွင့်တင်ခဲ့ပြီးဖြစ်သည်။
လွယ်ဂျယ်မြို့ကို ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပြီးနောက် ဧပြီလ ၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များက စစ်တပ်သို့ ထွက်ပြေးသွားသောကြောင့် ရဲစခန်းကို KIA ပူးပေါင်းတပ်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့သည်။
မိုးမောက် – လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့မှ စတင်ကာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယော်ယုံစစ်ကောင်စီတပ်စခန်းနှင့် စိန်လုံတပ်စခန်းကြီး အပါအဝင် တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။