မြဝတီမြို့အဝင်၌ ယနေ့ နေ့လယ်မှစ၍ တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်ကောင်စီက စိမ်းလဲ့မြိုင်ကားဝင်းအနီး လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်သွားကြောင်း အဆိုပါမြို့ခံအချို့က ပြောသည်။
ယနေ့ (ဧပြီ ၉ရက်) နေ့လယ် ၁၂နာရီခန့်တွင် တိုက်ပွဲစတင်ဖြစ်ပွားပြီး နေ့လယ် ၁နာရီခန့်တွင် စစ်ကောင်စီက ခမရ(၂၇၅)တပ်ရင်းအနီးရှိ စိမ်းလဲ့မြိုင်းကားဝင်းအနီးကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မြဝတီမြို့၌ တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ကရင်စစ်ရေးသတင်းရင်းမြစ်ကလည်း ပြောသည်။
” ဘဏ်တွေလည်း ပိတ်သွားပြီ။ ဒီနေ့တော့ မြို့ကလူတွေလည်း မဲဆောက်ဘက်ကို ကူးကုန်ပြီ။ ၂၇၅တပ် ရှေ့နားမှာ မီးတွေလောင်နေတယ်။ စိမ်းလဲ့မြိုင်နဲ့ ၂၇၅နဲ့က နီးနီးလေး”ဟု မြဝတီမြို့ခံ တစ်ဦးကလည်း ပြောသည်။
အခြား မြဝတီမြို့ခံ တစ်ဦးကလည်း “နေ့လယ် ၁၂ခွဲလောက်မှာ လေယာဥ် သုံးစီးပတ်နေတယ်။ မြဝတီမြို့ပေါ်မှာ ပတ်ပျံနေတယ်”ဟု ပြောသည်။
မြဝတီမြို့တွင် မြို့စောင့်တပ်အဖြစ် ခမရ(၂၇၅) တပ်ရင်း ကျန်ရှိနေပြီး မြို့နယ်ရှိ သင်္ဃန်းညီနောင်ဒေသ ဗျူဟာကုန်းကို ရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် PDF ပူးပေါင်းတပ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ အရာရှိ၊ စစ်သည်များအပါအဝင် တပ်မိသားစု စုစုပေါင်း ၆၁၇ဦးမှာ လက်နက်ချအညံ့ခံခဲ့သည်။
မြဝတီမြို့ သင်္ကန်းညီနောင်ဗျူဟာကုန်းနှင့် ခမရ(၃၅၇)တပ်ရင်းကို KNLA၊ PDF ပါဝင်သည့် ပူးပေါင်းတပ်များက ဧပြီ ၅ရက်က တိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် မြဝတီမြို့၌ စစ်ရေးဆက်လက်တင်းမာနေစဉ် ယနေ့(ဧပြီ ၉ရက်)တွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
KNLA၊ PDF ပူးပေါင်းတပ်များက ခမရ(၂၇၅) တပ်ရင်းအား ယနေ့စတင်တိုက်ခိုက်နေ၍ စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ကူပေးတိုက်ခိုက်နေသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များက ရေးသားနေကြသည်။