အကြမ်းဖက်စစ်ကောင်စီရဲ့ ပစ်မှတ်တိုင်းကို မှတ်ပုံတင်ပြီးတော့ တိုက်ခိုက်လို့ရပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဒီနေ့မှာ အသိပေးပြောကြားလိုက်ပါတယ်။
“ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ ရပါပြီ” လို့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဖေ့စ်ဘွတ်ခ်ကနေ အသိပေး ပြောကြားခဲ့တာပါ။
ဒီနေ့မနက်ပိုင်းမှာ အကြမ်းဖက် စစ်တပ်ရဲ့ နေပြည်တော် စစ်ရုံးချုပ်နဲ့ အေလာလေတပ်စခန်းတွေကို တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က အသိပေး ထုတ်ပြန်ထားပါတယ်။
ဒီလိုတိုက်ခိုက်မှုက ခရီးရှည်ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
“ခရီးရှည်ဒရုန်းများရဲ့ ပထမဆုံး အတွေ့အကြုံပါပဲ။ ဒရုန်းတစ်စင်းပါ ယမ်းပေါက်ကွဲအားက 107 တစ်စင်းထက် ၂၀ ရာခိုင်နှုန်း ပိုပြင်းပြီး အနက်ဖောက်ထွင်းအားလည်း ပိုကောင်းပါတယ်” လို့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြောကြားခဲ့တာပါ။
အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရုံးချုပ် တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone တပ်ခွဲက ပြုလုပ်ခဲ့တာဖြစ်ပြီး အေလာလေတပ်ကိုတော့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ လီသာပရော့ တပ်ခွဲက တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။