စစ်ကိုင်းတိုင်း၊ မြင်းမူမြို့အဝင်တွင် စစ်ကောင်စီယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားခေါင်းခန်းမိုင်းထိကာ ပျက်စီးသွားကြောင်း တိုက်ခိုက်ခဲ့သောအဖွဲ့ကပြောသည်။
ယနေ့ (ဧပြီ၁၀ရက်) မွန်းလွဲ ၂ နာရီခွဲခန့်က စစ်ကိုင်းမြို့တပ်မ(၃၃)မှ စစ်ကောင်စီတပ်သားအပြည့်ပါ တွဲကားခေါင်းပြာတစ်စီးနှင့် ခေါင်းဖြူတစ်စီးအား မြင်းမူမြို့အဝင်တွင် ပေါက်ကွဲအားပြင်းမိုင်းအကြီးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force- MNRFအဖွဲ့၏ခေါင်းဆောင် ကိုမိုးညိုက ပြောသည်။
ထိုမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားပေါ်ပါစက်သေနတ်ကိုင်စစ်သားအပါအဝင် ကားခေါင်းခန်းထဲလိုက်ပါလာသော စစ်သားနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားသည်ဟု Moe Nyo Revolution Force-MNRF အဖွဲ့က ဆိုသည်။
ကားမှာလည်း ထိုးရပ်သွားခဲ့ပြီး စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ရှေ့ဆုံးအစီး ခေါင်းပြာနဲ့အစီးထိတာ။ ကားနှစ်စီးက ကပ်လျက်လာတာ။ နောက်တစ်စီးကလည်းထိသွားတယ်။ လူထိသံတော့မကြားဘူး။ ကားထိသွားတယ်။ ရှေ့က ခေါင်းပြာနဲ့အစီးကတော့ ခေါင်းခြမ်းကြီးပဲ့သွားတယ်။အဲနားမှာတင်ထားခဲ့တယ်။ ထိသွားတဲ့စက်သေနက်သမားကို ချက်ချင်းဆွဲချတယ်။ ကားခေါင်းထဲကလည်း လေးယောက်ပါတာ နှစ်ယောက်သေသွားတယ်။စုစုပေါင်းသုံးယောက်ပေါ့။”ဟု ကိုမိုးညိုကဆက်ပြောသည်။
ထိုစစ်အုပ်စုမှာ ယမန်နေ့ညအထိ မြင်းမူမြို့မှထွက်ခွာနိုင်ခြင်းမရှိသေးဘဲ မြို့ပေါ်တွင်ပစ်ခတ်နေကြောင်း ဒေသခံအချို့က ပြောသည်။
မိုင်းထိကားအား မြင်းမူမြို့ပေါ်မှ မီးသတ်ကားများဖြင့် လာရောက်ဆွဲသွားကြောင်း သိရသည်။
ထိုစစ်ဆင်ရေးအား Moe Nyo Revolution Force MNRF၊ PENTAGRAM ငါးထောင့်ကြယ်၊ ကျောက်ဆည်ခရိုင်တပ်ရင်း(၂) စသည့်ညီနောင်သုံးဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြင်းမူမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်း၌ စစ်ကောင်စီတပ်နှင့်ဒေသတွင်း PDFများ ပစ်ခတ်မှုများရှိခဲ့သည်။
(မြင်းမူမြို့အဝင်တွင် စစ်ကောင်စီယာဥ်အား မိုင်းဆွဲတိုက်ခိုက်နေစဥ်။ဓါတ်ပုံ-MNRF)