ရန်ကုန်မြို့ရှိ YBS ကားများပေါ်တွင် ယနေ့ (ဧပြီ ၅) နံနက်ပိုင်း၌ ရန်ကုန်လူထုသပိတ်မှ တော်လှန်လူငယ်များက စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်သည့်အနေဖြင့် “စစ်ကျွန်မခံနဲ့ ရန်ကုန်သားတွေ” စာသားပါ စတေကာများကပ်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်မှုပြုလုပ်ခဲ့သည်။
ယင်းလှုပ်ရှားမှုသည် ပြည်သူလူထုအနေဖြင့် “စစ်ကျွန်မခံနဲ့” ဆိုသည့် သတင်းစကားကို အချင်းချင်း လက်ဆင့်ကမ်း သယ်ဆောင်ခြင်းဖြင့် တစ်ဦးကိုတစ်ဦး ကာကွယ်ရင်း တော်လှန်ရေး သတိမြဲမြံနေစေရန် ရည်ရွယ်ကြောင်း ရန်ကုန်လူထုသပိတ်က ဆိုသည်။
“အဘက်ဘက်မှာ ယိုင်နဲ့လာတဲ့ ဖက်ဆစ်တပ်ဟာ စစ်မှုထမ်းဥပဒေနဲ့ ပြည်သူလူထုရဲ့အသက်ကို ကျွန်ပြုအသုံးချပြီး အသက်ဆက်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။ လူထုအနေနဲ့ အတင်းအဓမ္မစစ်ကျွန်ပြုမှုကနေ တစ်ဦးချင်းစီလွတ်မြောက်အောင်ရုန်းဖို့လိုသလို တစ်ဦးချင်းစီတွန်းလှန်ဖို့လည်း လိုအပ်ပါတယ်” ဟု ရန်ကုန်လူထုသပိတ်က တိုက်တွန်းနှိုးဆော်ခဲ့သည်။