ကရင်နီပြည်နယ်၊ဖားဆောင်းမြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၃၀ ကျော် လက်နက်ချအညံ့ခံလာကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ယနေ့(ဧပြီ ၁၁ ရက်) နံနက် ၄ နာရီခွဲကစ၍ နေ့လည် ၃ နာရီခန့်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးကို ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်းစုံစမ်းသိရသည်။
ရရှိထားသည့် ရုပ်သံမှတ်တမ်းအရ စစ်ကောက်စီတပ်ထံမှ လက်နက် ၂၀ ကျော်နှင့် ခဲယမ်းအချို့ကို ကရင်နီပူးပေါင်းတပ်က ရရှိခဲ့သည်။
“စစ်ကူလာတဲ့ တပ်တစ်ခု။ပိတ်မိသွားပြီး အညံ့ခံလာတာ။ကျန်တဲ့အသေးစိတ်တော့ သက်ဆိုင်ရာ တပ်ဖွဲ့တွေကထုတ်ပြန်ပါလိမ့်မယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မတ်လ ၂၀ ရက်ကလည်း ဘော်လခဲမြို့မှ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ စစ် ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ ဗျုဟာမှူး အပါ အဝင် ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁၆ ဦး သေဆုံးပြီး တစ်ဦး ဖမ်းမိခဲ့သည်။
ထိုစဥ်က စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၅) လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၂၉ ရက်ကစတင်ခဲ့သည့် ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီအခြေစိုက်စခန်းအချို့ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းထားနိုင်သည်။ဖားဆောင်းမြို့တွင် စစ်ကောင်စီ၏ ခလရ(၁၃၄) နှင့် (၁၃၅) အခြေစိုက်တပ်များရှိသည်။
(စစ်ကောင်စီတပ်မှသိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများနှင့် လက်နက်ချခဲ့သောစစ်သားနှစ်ဦး)