စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် လူငယ်များကိုမတရားဖမ်းဆီးသည့်အပြင် လူမိုက်များစု၍ ရပ်ကွက်နေပြည်သူများကို အနိုင်ကျင့်နေသော မြောက်ဥက္ကလာပမြို့နယ် ဝဇီရာအုပ်ချုပ်ရေးမှုးရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Project Home အဖွဲ့မှ တာဝန်ရှိသူကပြောသည်။
စစ်ဆင်ရေးလုပ်ဆောင်ရခြင်းနှင့်ပတ်သက်၍ “စစ်မှုထမ်းအကြမ်းဖက်ဥပဒေကို တရားမဝင် အကောင်အထည်ဖော်ပြီး ရပ်ကွက်ထဲက လူငယ်တွေကို အတင်းအကြပ်ခေါ်ဆောင်လို့ လူငယ်အချို့မှာ အတင်းအကြပ် စစ်သားစုဆောင်းရေးသို့ပါသွားပြီး မတရားစာရင်းတွေကောက်ကာ ဒုက္ခပေးလျက်ရှိပါတယ်။ လူမိုက်တွေစုထားပြီး ရပ်ကွက်ကို အနိုင်ကျင့်ဗိုလ်ကျလျက်ရှိတယ်လို့ အတိအကျ သတင်းပေးပို့တိုင်ကြားထားပြီး သက်ဆိုင်ရာအချက်အလက်များ တိုက်ဆိုင်စစ်ဆေး အတည်ပြုချက်ရယူပြီးမှ ယခုမစ်ရှင်ကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ဧပြီ ၁၁ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် အဆိုပါရုံးသို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးအသစ်နှင့်အပေါင်းအပါများရောက်ရှိချိန်၌ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ရုံးအဆောက်အဦး၊ ပြတင်းပေါက်တွေနဲ့ ကားတစ်စီးပျက်စီးခဲ့ပြီး ရုံးမှာရှိတဲ့ လက်ပါးစေ တစ်ယောက်နှင့် အထက် ထိခိုက်ဒဏ်ရာရတဲ့ တယ်လို့သိရပါတယ်။ ထိခိုက်မှု အတိအကျကတော့ စုံစမ်းဆဲပါ” ဟု Project Home အဖွဲ့တာဝန်ရှိသူကပြောသည်။
Project Home အဖွဲ့သည် နွေဦးတော်လှန်ရေးအစ ၂၀၂၁ ကတည်းက မြို့ပြပြောက်ကျား စစ်ဆင်ရေးများလုပ်ဆောင်ခဲ့သည့် အဖွဲ့ဖြစ်ပြီး အဖွဲ့ခေါင်းဆောင်အချို့နှင့် အဖွဲ့သားအချို့ဖမ်းဆီးခံခဲ့ရပြီးနောက် ကျန်ရှိသည့်အဖွဲ့ဝင်များက လုံခြုံရေးနှင့် အရည်အသွေးပိုင်းမြှင့်တင်မှုများပြုလုပ်ကာ နာမည်အသစ်နှင့်လှူပ်ရှားမှူများပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။
“Project Home” ဆိုတဲ့ နာမည်က ကျတော်တို့ရဲ့ ရည်မှန်းချက် Project နာမည်ပါကျတော်တို့ကတော့ “အိမ်” ဆိုတဲ့နေရာလေးကို အားလုံးနဲ့တူတူ ပြန်မယ့် ၊ အိမ်ပြန်လမ်းရဲ့ အတားအဆီးမှန်သမျှကို ရှင်းလင်းဖယ်ရှားသွားမယ့် မြို့ပြပျောက်ကြားရဲဘော်များဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
Project Home အဖွဲ့သည် မတ်လအတွင်းက စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် ပိုင်ဆိုင်သည့် MyTel ဆိုင်ခန်းတစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၃၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလည်း ရှင်းလင်းခဲ့သည်။