ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို အကြမ်းဖက်စစ်တပ်က ဧပြီ ၄ ရက် မွန်းလွဲ ၂ နာရီ ၄၇ မိနစ်မှာ ဂျက်လေယာဉ် ၂ စီး အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ တစ်ဦး သေဆုံး ပြီး ၆ ဦးဒဏ်ရာရခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က ဒီနေ့ မနက်အစောပိုင်းမှာ ထုတ်ပြန်လိုက် ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၈နှစ်အရွယ် အရပ်သားပြည်သူ လူငယ်တစ်ဦး သေဆုံးခဲ့ရပြီး အသက် ၆နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၆ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ရက္ခိုင်ဒေသမှာ အကြမ်းဖက်စစ်ကောင်စီက ပြည်သူကို ပစ်မှတ်ထားပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဈေးတွေ၊ စစ်ဘေးရှောင်နေရာတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ မြို့ရွာတွေရှိ လူနေရပ်ကွက်တွေကို လေယာဉ်နဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြင်းတွေကို နေ့စဉ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်လျက်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။