ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင် တစ်ကြောက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က လူနေအိမ်တွေကို ဖောက်ထွင်း ခိုးယူပြီး အဖိုးတန်ပစ္စည်း မှန်သမျှ နောက်တန်းကို ပြန်လည် ပို့ဆောင်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။
မတ်လအစောပိုင်းကတည်းကစပြီး အခုချိန်ထိ စစ်ကောင်စီက တပ်စွဲထားတဲ့ ကျေးရွာတွေမှာ ရွာသားတွေကတိမ်းရှောင်နေရတာဖြစ်တဲ့အတွက် လူသူကင်းမဲ့တဲ့ နေအိမ်တွေမှာ ကျန်ခဲ့တဲ့ အဖိုးတန်ပစ္စည်းတွေကို ကားတွေနဲ့သယ်နေကြတယ်လို့ သိရပါတယ်။
” ရွာထဲမှာတပ်စွဲတယ်၊ ရွာသားတွေကတောထဲမှာ တိမ်းရှောင်နေရတယ်၊ အဲ့ဒါကို ရွာမှာကျန်တဲ့ ဆိုင်ကယ်တွေ၊ ဆိုလာပြားကအစ၊ ဘက်ထရီတွေ၊ တန်ဖိုးရှိတဲ့ပစ္စည်းတွေပေါ့လေ၊ အဲ့ဒါတွေကိုသိမ်းတယ်၊ သိမ်းပြီးတော့မှ သူတို့ရဲ့မိန်းမနာမည်ကိုရေးပြီးတော့မှ နောက်တန်းကိုကားတွေနဲ့သယ်ကြတယ် ” လို့ ကျေးရွာနေပြည်သူတစ်ဦးက အသိပေးလာပါတယ်။
ဒီလုပ်ရပ်တွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်တို့က အတူတကွ ပူးပေါင်းလုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ ကျေးရွာနေပြည်သူက ဆက်ပြောပြပါတယ်။
” သူတို့က အတူတူသွားကြတယ်ဆိုတော့ အတူတူလုပ်တယ်လို့ပဲ ယူဆရမှာပေါ့၊ တကယ်လို့ အတူတူ မလုပ်ဘူးဆိုရင်တော့ ၁ဖွဲ့ကလုပ်ရင် ၁ဖွဲ့က တားရမှာပေါ့လေ၊ ပြည်သူပစ္စည်းဥစ္စာယူတာ မတားကြဘူးဆိုရင်တော့ ၂ ဦးသဘောတူလုပ်တယ်လို့ပဲ ပြောရမှာပေါ့လေ “
မတ်လအစကတည်းက ပစ္စည်းတွေကို သယ်ဆောင်နေခဲ့တာဖြစ်တဲ့အတွက် အခုချိန်မှာတော့ အရင်လောက် အများကြီးမရတော့ပေမဲ့ အစောပိုင်းကာလတွေမှာ ဆိုင်ကယ်အစီးပေါင်းများစွာကို ကားတွေနဲ့ တင်ယူသွားတာဖြစ်တယ်လို့လည်း စုံစမ်းသိရပါတယ်။