ရှမ်းပြည်တောင်ပိုင်း ၊ ဆီဆိုင်မြို့အိမ်မှ ပစ္စည်းပြန်ယူသူ ၁ ဦး သေနတ်ထိမှန်ခံရသဖြင့် တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ကုသနေရကြောင်းနဲ့ ဆေးကုသမှုစရိတ်လိုအပ်နေတယ်လို့ သိရပါတယ်။
ဆီဆိုင်မြို့နယ်၊ ဘုရားဖြူကျေးရွာ၊ ရပ်ကွက် ၁ နေ ဦးပြေသာဦးဟာ တိုက်ပွဲတိမ်းရှောင်နေရာက အိမ်ကို ဧပြီလ ၂ ရက်က ပစ္စည်းပြန်ယူပြီး ဆိုင်ကယ်နဲ့ ပြန်လာစဉ်မှာ သူ့ရဲ့ခြေထောက်ကို သေနတ်ကျည်ဆံထိမှန်ခံရလို့ တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်နေသူဖြစ်တဲ့ သူ့ရဲ့ဒဏ်ရာ ခွဲစိတ်ကုသဖို့ ကုန်ကျငွေ ၄သိန်းခွဲကို မတတ်နိုင်လို့ ငွေကြေးအကူအညီတောင်းခံထားပါတယ်။
အခြားဖြစ်ရပ်တွေအနေနဲ့ ဆီဆိုင်ကက်သလစ် ဘုရားရှိခိုးကျောင်းဟာ လွန်ခဲ့တဲ့ ဧပြီ ၁ရက်က အကောင်းနီးပါးရှိနေပေမယ့် ဧပြီ ၄ ရက် မှာတော့ မီးရှို့ဖျက်ဆီးထားတာတွေ့ရတယ်လို့ သိရပါတယ်။
မြကန်သာနဲ့ဟိုခဲရပ်ကွက်က အိမ်တွေမှာလည်း ဧပြီ ၁ရက် ပြန်စဉ်က တွေ့ခဲ့ရတဲ့အခြေအနေနဲ့ ဧပြီ ၃ရက်က ပြန်စဉ်ကတွေ့ရတာမတူပဲ အရင်က မရှိတဲ့ လက်နက်ကြီးကျထားတာ အိပ်ခန်းထဲမှာ တေ့ပစ်ထားတဲ့ ကျည်ဆံရာတွေအများကြီးတွေ့ရတယ်လို့ စစ်ဘေးရှောင်တွေထံက သိရပါတယ်။
ဆီဆိုင်မြို့အခြေအနေဟာ စစ်ကောင်စီက ထိန်းချုပ်လိုက်ပြီပြောပေမယ့် အိမ်ပြန်သူတွေရဲ့အတွေ့အကြုံအရ သေနတ်နဲ့ပစ်ခံရတာ၊ အိမ်တွေမှာလက်နက်ကြီး၊ လက်နက်ငယ်တွေ ထိမှန်ခံထားရတာတွေဟာ တိုက်ပွဲဆက်ဖြစ်နေတာ တွေရှိနေတယ်လို့ ယူဆနေကြပါတယ်။
ဆီဆိုင်မြို့ကို စစ်ကောင်စီက လက်ရှိမှာ ထိန်းချုပ်နေတယ်လို့ ကြေညာထားပေမယ့် မြေပြင်မှာတော့ လက်နက်ကြီးထိမှန်နေတာတွေ အိမ်တွေ ပိုမိုပျက်စီးလာနေတာတွေ၊ လက်နက်ငယ်ပစ်ခံရတာတွေအပြင် မပေါက်ကွဲသေးတဲ့ ဗုံးဆံတွေ၊ မိုင်းတွေကြောင့် ဆီဆိုင်မြို့ရဲ့လုံခြုံရေးဟာ စိတ်ချရမှု လုံးဝမရှိသေးတာဖြစ်လို့ဆီဆိုင်စစ်ဘေးရှောင်တွေအနေနဲ့ သတိ၀ိရိယနဲ့ မြို့ပြန်ကြဖို့ စစ်ဘေးရှောင်သူအချင်းချင်းတွေ သတိပေးထားကြပါတယ်။