မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်၊ သာကြီးတောင်ရေနံမြေရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများယူဆောင်လာပြီး အလင်းဝင်လာပြီး မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၌ တာဝန်ထမ်းဆောင်သွားမည်ဟု သတင်းရရှိသည်။
ဧပြီ ၄ရက် နေ့လယ် ၂နာရီခန့်က ကမ္မမြို့နယ်၊ သာကြီးတောင်နယ်မြေရဲစခန်းမှ ရဲတပ်သားတိုးပြည့်ချမ်းသာသည် G-3သေနတ် တစ်လက်၊ ကျည်ဘောက် တစ်ခုနှင့် ၎င်းကျည် ၁၀၅တောင့်၊ စက်လက်သေနတ် တစ်လက်၊ ဘောက်ဝိုင်း တစ်ခု၊ ၎င်းကျည် ၅၀၃တောင့်တို့ ယူဆောင်အလင်းဝင်လာ၍ ကျပ်သိန်း ၁၅၀ ဆုချီးမြှင့်ခဲ့ကြောင်း မြိုင်ပကဖ၏ တာဝန်ရှိသူက ပြောသည်။
၎င်းရဲတပ်သားအား လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ရန် စီစဥ်ပေးသော်လည်း သွားရောက်လိုခြင်းမရှိဘဲ စစ်ကောင်စီအား ပြန်လည်တိုက်ခိုက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း မြိုင်ပကဖ၏ တာဝန်ရှိသူက ပြောသည်။
“ကျွန်တော်တို့နဲ့အတူတူ စစ်ကောင်စီကိုဆက်ပြီးတွန်းလှန် တိုက်ပွဲဝင်သွားမယ်လို့ပြောတာကြောင့် မိုင်းဖောက်ခွဲရေးပညာတွေ သင်ကြားပေးနေတယ်။”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
အဆိုပါ ရဲတပ်သားသည် သာကြီးတောင်နယ်မြေရဲစခန်း၌ ကမ္မအောက်ဆီဂျင်အဖွဲ့မှ ရဲဘော်ကျောင်းသားနှင့် မြိုင်ပကဖမှ ရဲဘော် ဘိုးတော်တို့ အသွင်ယူခဲ့စဥ်က ချိတ်ဆက်ခဲ့ပြီးနောက် ယခုအခါ အလင်းဝင်လာခြင်းခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
မတ်လ ၁၃ရက်က သာကြီးတောင် ရေနံမြေရဲစခန်း၌ အသွင်ယူလှုပ်ရှားနေသော PDF ရဲဘော်နှစ်ဦးသည် BA63 (G3) သေနတ်သုံးလက်နှင့် BA 94 ( Uzi) တစ်လက်အား အလစ်အငိုက်၌ ယူဆောင်ထွက်ပြေးလာခဲ့သေးသည်။