ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံတောင်စစ်ဗျူဟာစစ်စခန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး တစ်ဦး အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး ကို KIA က ဧပြီလ ၆ ရကနေ့တွင် ဖမ်းဆီးရရှိခဲ့ပြီး ဗျူဟာမှူး ဗိုလ်မှူးကြီးကို ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာအမူအရာများဖြင့် ဖမ်းမိခဲ့ကြောင်း KIA မြေပြင်သတင်းရင်းမြစ်ကပြောဆိုသည်။
စိန်လုံတောင်စစ်ဗျူဟာစခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဧပြီလ ၅ ရက်နေ့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက လိုက်လံ တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း၊ ယင်းနောက် ဗျူဟာမှူး ဗိုလ်မှူး ကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦး ကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးသူများလည်း ရှိကြောင်း သိရှိရသည်။
“စိန်လုံတောင်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်တပ်ကို ဧပြီလ ၅ ရက်နေ့ မနက်မှာ တိုက်ခိုက်တယ်။ ဗျူဟာမှူးနဲ့စစ်သား ၁၈ ဦး ကို ဖမ်းဆီးရရှိခဲ့တာပါ”ဟု KIA မြေပြင်သတင်းရင်းမြစ်က ရှင်းပြသည်။
စိန်လုံတောင်ဗျူဟာစစ်စခန်းကို ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။