ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းဒေသ၌ နေရာ ၂ ခုတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတို့ တိုက်ပွဲဆက်ဖြစ်နေကြောင်း ဆယ်ဇင်းဒေသခံက ပြောသည်။
ဧပြီ ၉ ရက်တွင် ဆယ်ဇင်းရဲစခန်းကို KIAက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂၀ ဦးကျော် လက်နက်ချ အညံ့ခံခဲ့သည်ဟု ဒေသခံနှင့် စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။
“ဆယ်ဇင်းမှာ အခု တိုက်ပွဲဖြစ်နေတယ်။ မနေ့ကတုန်းက ဆယ်ဇင်းရဲစခန်းက လက်နက်ချပြီး အလင်းဝင်တာ။ စကစတွေရှိသေးတယ်။ SNA တွေလည်းရှိသေးတယ်။ အခု တိုက်ပွဲဖြစ်နေတယ်။ အားလုံး ၄ နေရာ ရှိသေးတယ်။ အခု ၂ နေရာ တိုက်ပွဲဖြစ်နေတယ်။ ဆယ်ဇင်ထဲရယ် သံယောဇဉ်ကုန်းဘက်ရယ် ဖြစ်နေတယ်။မနေ့က ရဲစခန်းက သူတို့ အလံဖြူထောင်ပြီး အလင်းဝင်ခဲ့တာ ၂၂ဦး” ဟု ဆယ်ဇင်းဒေသခံက ပြောသည်။
စစ်ရေးသတင်းရင်းမြစ် တစ်ဦးကလည်း ဆယ်ဇင်းရဲစခန်းကို ယမန်နေ့ နံနက် ၁၁နာရီတွင် သိမ်းပိုက်နိုင်ခဲ့ပြီး ရဲ ၂၃ဦး လက်နက်ချကာ လက်နက် ၂၂လက် ရရှိခဲ့သည်ဟု ပြောသည်။
ဆယ်ဇင်းဒေသခံများမှာ တိုက်ပွဲမဖြစ်ခင်ကတည်းက တိမ်းရှောင်နေကြခြင်းဖြစ်ကြောင်းလည်းဆယ်ဇင်းဒေသခံက ပြောသည်။
ထို့အပြင် KIAသည် တွင် ဖားကန့်မြို့နယ် နန့်ယားဒေသရှိ စစ်ကောင်စီတပ်စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေး ခုခံလျက်ရှိသည်။