စစ်ကောင်စီအနေဖြင့် မတရားဖမ်းဆီးထားသော ပြည်သူများအား ၁၀ရက်အတွင်းလွှတ်ပေးရန် အပါအဝင် အချက်သုံးချက်ကို Urban Special Force(U.S.F)က တောင်းဆိုလိုက်ပြီး သတ်မှတ်ရက်အတွင်း ဆောင်ရွက်ခြင်းမရှိပါက စစ်ကောင်စီ၏ ပတ်သက်မှုများကို ပြင်းထန်စွာ အရေးယူမည်ဟု သတိပေးလိုက်သည်။
“အဓိကက လက်ရှိအချိန်ထိ မိမိအခြေအနေကို နားလည်သင့်နေပြီဆိုတာရယ် မတရားဖမ်းစီးနှိပ်စက်ခံနေရတဲ့ ပြည်သူတွေကို အမြန်ဆုံး လွှတ်ပေးဖို့ရယ် အကျင့်ဖျက်ချစားသူခိုး ဌာနတွေရယ် သတိပေးချင်တာပါ ၊မလုပ်ဖူးထင်ရင်တော့ စောင့်ကြည့်လို့ပဲ ပြောချင်ပါတယ်”ဟု U.S.F အဖွဲ့မှတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ရန်ကုန်နှင့် မန္တလေးမြို့တွင် အဓိကအမိန့်ပေးနေသောတိုင်းမှုးနှင့် နောက်လိုက်များ ပြည်သူဘက်သို့ အမြန်ဆုံးပူးပေါင်းရန် ၊ပြည်သူများကိုမတရားဖမ်းဆီးကာ ငွေညှစ်ခြင်း ၊ မူးယစ်ဆေးဝါးရောင်းချကာစီးပွားရှာခြင်းစသည့် အကျင့်ပျက်ခြစားမှုများကို လုပ်နေသော အင်းစိန် C.I.Dနှင့် အလားတူဌာနဆိုင်ရာများ အနေဖြင့် ၎င်းတို့၏လုပ်ရပ်များကို ရပ်တန့်ရန်နှင့် စစ်ကောင်စီမှ မတရားဖမ်းဆီးထားသော ပြည်သူများကို ၁၀ရက်အတွင်း နောက်ဆုံးထားထုတ်ပေးရန် စသည့် အချက် သုံးချက်ကိုတောင်းဆိုကြောင်း U.S.Fအဖွဲ့နှင့် Shadow (S.A.F)အဖွဲ့တို့က ဧပြီ ၁၀ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါအချက်သုံးချက်ကို သတ်မှတ်ရက်အတွင်း လုပ်ဆောင်ခြင်းမရှိပါက ပြည်သူ့ဘက်တော်သား အတွင်းစည်းများ၏ သတင်းပေးပို့မှု နှင့် စစ်ကောင်စီ၏ ပတ်သက်မှုများကို ပြင်းထန်စွာ အရေးယူမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ပြည်သူများသတိပေးချင်ပါတယ်၊ လူစည်းကားရာ ပွဲလမ်းသဘင်တွေ မသွားမလာကြဖို့ ပြောချင်ပါတယ်၊ အချိန်မရွေး ဘာမဆိုဖြစ်လာနိုင်လို့ပါ ပြောမရတဲ့လူတွေကတော့ ကိုယ့်ဖြစ်ကိုယ်ခံကြပေါ့ ၊တာဝန်ယူမှာမဟုတ်လို့ပြတ်ပြတ်သားသား သတိပေးချင်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြည်သူများအတွက် သတင်းစကားဆိုသည်။
U.S.Fအဖွဲ့သည် မြို့ပြအထူးစစ်ဆင်ရေး(Urban Special Operation- U.S.O)အနေဖြင့် မဟာမိတ်များနှင့်ပူးပေါင်းကာ စစ်ဆင်ရေး ၁၀ခုလုပ်ဆောင်ခဲ့ပြီးနောက် U.S.Fဟု အမည်ပြောင်းကာ စစ်ဆင်ရေးများလုပ်ဆောင်နေခြင်းဖြစ်ကာ လက်ရှိအချိန်အထိ စစ်ဆင်ရေးစုစုပေါင်း ၁၂ ခုလုပ်ဆောင်ထားသည်။
U.S.F ဟုပြောင်းလဲပြီးနောက် မတ်လအတွင်းက လေတပ်ဝန်ထမ်းအိမ်ရာဝန်းကို တိုက်ခိုက်ခဲ့ပြီး ဧပြီတွင် စစ်ထောက်လှန်းရေးရုံးချုပ်ကို တိုက်ခိုက်ခဲ့သည်။