မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ထံသို့ စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်လာကြောင်း ထုတ်ပြန်လိုက်ပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်လိုသော စစ်ကောင်စီတပ်သားများစွာကို ကြိုဆိုကြောင်း ABSDFက ထပ်လောင်း အသိပေးခဲ့သည်။
စစ်ကောင်စီတပ်သားတစ်ဦးသည် မတ်လ ၃၀ရက်တွင် ABSDF ထံ လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။
အဆိုပါ တပ်သားသည် စစ်ကောင်စီ၏ တပ်မ (၁၀၁) လက်အောက်ခံ ခလရ (၂၃၅)မှ ဖြစ်ပြီး ၎င်းအား ABSDF အမှတ်(၂)စစ်ကြောင်းမှ ဂုဏ်ပြုဆုငွေ ပေးအပ်ကာ လုံခြုံရာသို့ ပို့ဆောင်ခဲ့ဟု အသိပေးသည်။
အဆိုပါ စစ်ကောင်စီတပ်သားလက်နက်နှင့်အတူ အလင်းဝင်လာခြင်းမှာ ၎င်းတို့စစ်ကောင်စီတပ်ဖွဲ့မှ စစ်သားများက လမ်းသွားလမ်းလာ ပြည်သူများကို အနိုင်ကျင့်ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းနှင့် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းများ ၊အထက်အရာရှိများနှင့် တပ်ဖွဲ့အတွင်းရှိ တခြားသော စစ်သားများမှ ၎င်းအား အနိုင်ကျင့်ခြင်း ၊ ဆဲဆိုကြိမ်းမောင်းခြင်း၊ ထိုးကြိတ်ရိုက်နှက်ခြင်း နှင့် နှိမ့်ချခွဲခြား ဆက်ဆံခံရခြင်းများကြောင့် ဖြစ်သည်ဟု ABSDFက ဖော်ပြသည်။
ထိုအခြေအနေများကြောင့် ABSDF တာဝန်ရှိသူများထံသို့ ဆက်သွယ်ကာ ထွက်ပြေးခိုလှုံလာခဲ့ခြင်းဖြစ်ကြောင်း၊ ABSDFသည် ပြည်သူ့ဖက်မှ ရပ်တည်လိုသော စစ်အာဏာရှင်စနစ်ကို တော်လှန်လိုသော စစ်ကောင်စီ တပ်သားများစွာကို ကြိုဆိုလျက်ရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။