အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ အေလာလေတပ်စခန်းကို ဒီနေ့မနက်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ လေးကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိနဲ့တပ်သား အချို့ ထိခိုက် သေဆုံးမှုရှိတယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သိရပါတယ်။
ဒီကနေ့ ဧပြီ ၁၁ ရက် မနက် ၄ နာရီ ၄၅ မိနစ်လောက်က နေပြည်တော်၊ အေလာလေတပ်စခန်း အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိနဲ့ တပ်သားအချို့သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်းသိရပါတယ်။
ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အခုတိုက်ခိုက်မှုဟာ နေပြည်တော် အေလာလေဆိပ်သို့ ၄ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီ အလုံခြုံဆုံး အဆင့်
အမြင့်ဆုံးဖြစ်တဲ့ လေတပ်စခန်းကို တော်လှန်ရေးအင်အား စုတွေက လက်တကမ်း ပစ်မှတ်အဆင့်ကို ရောက်ရှိနေကြောင်း သက်သေပြရင်း နိုင်ငံတဝန်း တော်လှန်ရေး အရွေ့ဖြစ်စေမယ့် နောက်ထပ်စစ်ရေး ပစ်မှတ်များကိုလည်း တစိုက်မတ်မတ် ဆက်လက်ပစ်ခတ်သွားမယ်လို့ ဆိုပါတယ်။