တော်လှန်အနုပညာရှင်တွေက အကြမ်းဖက်စစ်တပ်အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် အလွန်အရေး ပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
ယူနက်စကို၊ ကုလသမဂ္ဂဆိုင်ရာ နော်ဝေနဲ့ အီတလီအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများမှ ပူးတွဲစီစဉ်ကြီးမှူးတဲ့ “Defending Creative Voices” Side-event ကို ဧပြီ ၉ ရက်မှာ ပြုလုပ်ခဲ့ရာ အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။
” မြန်မာအနုပညာရှင်များသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ထွန်းကားစေရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်နေကြကြောင်း” သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့တာပါ။
မြန်မာအနုပညာရှင်တွေဟာ စိန်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရစေကာမူ သူတို့ တတ်မြောက်ကျွမ်းကျင်တဲ့အနုပညာကို အသုံးချစစ်အာဏာရှင် အမြစ်ပြတ်စေရေးအတွက် ဆက်လက်တိုက်ပွဲဝင်ဖို့ ခိုင်မာစွာသန္နိဋ္ဌာန်ချမှတ်ထားတာ တွေ့ရတယ်လို့ သံအမတ်ကြီးက ရှင်းပြပါတယ်။
“စစ်တပ်၏ လူမဆန်ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာအနုပညာရှင်များအနေဖြင့် စစ်မြေပြင်တွင် တိုက်ပွဲဝင်နေကြသည့်သူများတွင် ပါဝင်ခဲ့ကြကြောင်း၊ အချို့မှာ ရှောင်တိမ်းပုန်းရှောင်ခဲ့ရကြောင်း”ကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အနုပညာရှင်တွေ သူတို့ ကျွမ်းကျင် တတ်မြောက်တဲ့ အနုပညာ ပညာရပ်တွေနဲ့ တော်လှန်ရေးအောင်ဖို့အထိ ဆက်လက်လုပ်ဆောင်နိုင်ဖို့ကိုတော့ လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ အပြည့်အဝပေးအပ်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းထားပါတယ်။