ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ပေါင်းပိန်းဂိတ်မှာ စစ်ကောင်စီက ဖြတ်သွားဖြတ်လာကားတွေကို ချောဆွဲနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ဧပြီလ ၈ ရက်နေ့ကတည်းကနေ ဒီနေ့အထိ ကားတွေကိုချောဆွဲနေပြီး ပျားပင်ကျေးရွာမှာရှိတဲ့ နေအိမ်တွေကိုလည်း တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ပေါင်းပိန်းရွာခံတစ်ဦးက ” ဟုတ်တယ် ချောဆွဲတယ်၊ အဲဂိတ်မှာ ပိုက်ဆံလည်း ညှစ်တယ်၊ သွားလာတဲ့သူတွေက ကြောက်လို့ စံကား – နန်းပန်ဘက်က အဝေးကြီးပတ်ပြီးသွားရတယ်၊ ကားတွေဆို ပိုညှစ်တယ် ” လို့ ပြောပါတယ်။
အင်းလေးဒေသတွင်း ပေါင်းပိန်းဂိတ်၊ အင်းတိန်ဂိတ်၊ နန်းပန်ဂိတ်နဲ့ မိုင်းသောက်ဂိတ်တွေမှာ စစ်ကောင်စီ၊ ပြည့်သူ့စစ်နဲ့ ရဲတွေ သွားလာလှုပ်ရှား နေကြပြီး လူနဲ့ ကားအခြေအနေပေါ်မူတည်ပြီး ချောဆွဲကာ ငွေညှစ်နေကြတယ်လို့ ဖြတ်သွားဖြတ်လာ ကြုံခဲ့တဲ့သူတွေဆီက သိရပါတယ်။
” အင်းလေးရေပေါ်သင်္ကြန် လုပ်မှာဆိုတော့ လုံခြုံရေးနဲ့ လက်နက်ဖြည့်ဖို့အတွက် ကားတွေကိုချောဆွဲတာဖြစ်နိုင်တယ်” လို့ ချောဆွဲခံရသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပအိုဝ်းပြည်သူ့စစ် (PNA) က အင်းလေးရေပေါ်သင်္ကြန်အတွက် ဧပြီလ ၈ ရက်နေ့ကတည်းက ကြိုတင်လုံခြုံရေး ယူနေတာဖြစ်ပြီး မိုင်းသောက်ကျေးရွာက စက်လှေအစီး ၄၀ ကိုလည်း ညောင်ရွှေရဲစခန်းနယ်ထိန်း ဦးဆန်းမင်းက ပွဲတော်ရက်အတွင်း ခြိမ်းခြောက် ချောဆွဲထားတယ်လို့ စုံစမ်းသိရပါတယ်။