ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က ယနေ့ ထုတ်ပြန်သည်။
ယမန်နေ့ ည ၁၀နာရီခန့်တွင် ဖယ်ခုံမြို့နယ်၌ စစ်ကောင်စီက လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး လူထုနေအိမ်များလည်း ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည။
လတ်တလော KnHRGက ရရှိထားသည့် သေဆုံးသူစာရင်းအရ အသက် (၆၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ (၁၂) နှစ်အရွယ်မိန်းကလေး တစ်ဦး(စစ်ဘေးရှောင်)နှင့် (၃)နှစ်အရွယ် ကလေး ငယ် တစ်ဦး ဖြစ်သည်။
အသက်(၃၇)နှစ် အမျိုးသားတစ်ဦး၊ အသက်(၃၄)နှစ် အမျိုးသမီးတစ်ဦး၊(၁၃)နှစ် မိန်းကလေးတစ်ဦး၊(၇)နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် (၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိကြောင်း အသိပေးသည်။
“သေဆုံးသွားတဲ့ကလေးငယ်ဆို ဦးခေါင်ခွံပါ ကျွတ်သွားတာ။ပြောစရာစကားတောင်မရှိတော့ပါဘူး။အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ မလုပ်ပါနဲ့”ဟု ကရင်နီစစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။
ယခုလဆန်းပိုင်းကလည်း ဖယ်ခုံနှင့် ဖားဆောင်းမြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) ၏ မတ်လကုန်အထိစာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည် နယ်၌သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ ၄၈၁ဦးရှိပြီး စစ်ရှောင်စဥ်သေဆုံးသူ ၁၅၁ ဦးရှိသည်။