မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ်အင်ဒရူးစ်က အာဏာသိမ်း မြန်မာစစ်ကောင်စီထံ စင်ကာပူကနေတစ်ဆင့် လက်နက်တင်ပို့မှုတွေဟာ ၈၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီ ဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနကို ပြောပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်က စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးတော်လှန်ရေးအဖွဲ့တွေရဲ့ လက်နက်ကိုင်တုံ့ပြန်မှုကို ခါးစည်းခံနေရတဲ့ မင်းအောင်လှိုင်ရဲ့ စစ်တပ်တွေဆီ ရုရှား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေက လက်နက်တွေ ဆက်လက်ရောင်းချပေးနေဆဲဖြစ်ပေမယ့် သူတင်ပြခဲ့တဲ့ အစီရင်ခံစာကြောင့် ကုလသမဂ္ဂရဲ့ ဖိအားပေးမှုကနေ စင်ကာပူအစိုးရဟာ မြန်မာစစ်ကောင်စီထံ လက်နက်တင်သွင်းမှုကို ပိတ်ပင်ဖို့ အားစိုက်ကြိုးစားခဲ့လို့ မနှစ်က တင်ပို့မှုဟာ ၈၃ ရာခိုင်နှုန်းအထိ ကျသွားတာကို ဝမ်းသာစရာမြင်တွေ့ရတယ်လို့ အင်ဒရူးစ်က ဆိုပါတယ်။
အင်ဒရူးစ်ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာမှာ စစ်ကောင်စီထံ လက်နက်တင်ပို့မှုမှာ စင်ကာပူနိုင်ငံက ကုမ္ပဏီ ပေါင်းများစွာပါဝင်နေပြီး တတိယ တင်ပို့မှုအများဆုံးနိုင်ငံဖြစ်နေခဲ့တယ်ဆိုတာပါရှိခဲ့ပါတယ်။
၂၀၂၁ ကနေ ၂၀၂၂ အတွင်း စင်ကာပူအခြေစိုက် ကုမ္ပဏီတွေက စစ်ကောင်စီထံတင်သွင်းတဲ့ လက်နက်လွှဲပြောင်းပေးမှု တန်ကြေးဟာ ဒေါ်လာ ၂၅၄ သန်းရှိပြီး မနှစ်က စင်ကာပူအစိုးရရဲ့ တင်းကျပ်တဲ့ စည်းကမ်းထိန်းသိမ်းမှုနဲ့ အရေးယူမှုတွေကြောင့် စစ်ကောင်စီထံ စင်ကာပူကနေ သွားတဲ့ လက်နက်အဝင်ဟာ ၈၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး စစ်ရှုံးမှုတွေကို ဆက် တိုက်ဖြစ်ပေါ်လာစေခဲ့တာပဲဖြစ်ပါတယ်။