မန္တလေးတိုင်း မလှိုင်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်စဉ် အမျိုးသားတစ်ဦး ကျည်ဆံထိမှန် သေဆုံးသွားခဲ့သည်။
မလှိုင်မြို့ ထွေအုပ်ရုံးအနီးတွင် ယနေ့(ဧပြီ ၁၃ရက်)နံနက် ၁၁နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
” ပေါက်ကွဲတာ စခတွေကို ထိသွားတယ်ထင်တယ်။ လုံခြုံရေးစောင့်နေတဲ့အဖွဲ့ကနေ သေနတ်တွေနဲ့ ရမ်းသမ်းပစ်တာ။ ဈေးကားပေါ်ထိုင်နေတဲ့လူတစ်ယောက် သေဆုံးသွားတယ်။ လမ်းသွားလမ်းလာတွေကိုလည်း ဖမ်းတာတွေရှိတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။
သေဆုံးသူမှာ ကိုဝင်းကြိုင်ဆိုသူဖြစ်သည်။ ကိုဝင်းကြိုင်သည် မြို့ပေါ်သို့ စျေးဝယ်လာသူဖြစ်ကြောင်း ဒေသခံချို့က ပြောသည်။
ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့၊ စစ်ကောင်စီယာဉ်တန်းများနှင့် ဝေးရာတွင်နေထိုင်ကြရန် တော်လှန်ရေးအင်အားစုများကသတိပေးထားသည်။
မန္တလေးတိုင်းတွင် ယနေ့ညနေ ၅နာရီခန့်ကလည်း ညောင်ဦးမြို့ရှိ ရွှေစည်းခုံဘုရားအနီး ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ကနဦး သတင်းရရှိသည်။ထိခိုက်မှုရှိမရှိကို မသိရသေးပေ။