ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၅၆) နှစ်မြောက် ကယောအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့လိုက်ပါတယ်။
သဝဏ်လွှာထဲမှာ (၅၆) နှစ်မြောက် ကယောအမျိုးသားနေ့ အချိန်အခါသမယမှာ ပြည်တွင်း ပြည်ပမှာ နေထိုင်လျက်ရှိသော ကယောတိုင်းရင်းသားများနဲ့တကွ တိုင်းရင်းသား ပြည်သူများ အားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေကြောင်းနဲ့ ကျန်းမာသုခပြည့်ဝ ကြပါစေ ကြောင်း ဆုတောင်းမေတ္တာပို့သထားပါတယ်။
ဒါအပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းရာခရီးလမ်းမှာ ကြုံတွေ့လာမယ့် မည့်သည့်အခက်အခဲကိုမဆို ကယောတိုင်းရင်းသားများအနေဖြင့် ခိုင်မာတဲ့ စိတ်ဓာတ်၊ မလျော့သောဇွဲ၊ တိုင်းပြည်နဲ့လူမျိုးအပေါ် စစ်မှန်တဲ့ ချစ်မြတ်နိုးတဲ့စိတ်ဓာတ်တို့ ဖြင့် သွေးစည်းညီညွတ်စွာ လက်တွဲပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြမှာကို အကြွင်းမဲ့ ယုံကြည်လျက် သဝဏ်လွှာကို ပေးပို့လိုက်တယ်လို့လည်း ဖော်ပြထားပါတယ်။
ကယောတိုင်းရင်းသားများအားလုံးနဲ့အတူ အခြားသောညီနောင်တိုင်းရင်းသားပြည်သူ များအနေ ဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအိမ်မက်အား နှစ်ပေါင်းများစွာမျှော်လင့်တောင့်တ ခဲ့သော် လည်း မရရှိခဲ့ကာ ယနေ့နွေဦးတော်လှန်ရေးကာလမှာ မိမိတို့ရဲ့အိမ်မက်များအား လက်တွေ့ကျကျ တည်ဆောက်နိုင်မယ့် အချိန်အခါကောင်းတစ်ရပ်ဖြစ်တယ်လို့လည်း CRPH က ပြောထားပါတယ်။