မျိုးနွယ်စုတခုစီတိုင်းရဲ့ မတူကွဲပြားတဲ့ယဥ်ကျေးမှုတွေကို အလှတရားအဖြစ်ရှု့မြင်ကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့အတွက် အာဏာရှင်အဆုံးသတ်ရေးမှာ ဝိုင်းဝန်းကြဖို့ (၅၆)နှစ်မြောက် ကယောအမျိုးသားနေ့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFက ဒီကနေ့ သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။
ဒီကနေ့ ဧပြီ၁၅ရက်ဟာ (၅၆)နှစ်မြောက်ကယောအမျိုးသားနေ့ဖြစ်တဲ့အတွက် ယဉ်ကျေးတဲ့ လူ့ဘောင်အသိုင်းအဝိုင်းမှာ လူမျိုးတစ်မျိုး၊ မျိုးနွယ်စုတခုစီတိုင်းရဲ့ စာပေ၊ယဉ်ကျေးမှု၊ သမိုင်းအစဉ်အလာနဲ့အတူ ရှင်သန်ရပ်တည်ခွင့်နဲ့ အမျိုးသားရေးဆိုင်ရာ စံတန်ဖိုးတွေကို အပြန်အလှန်အသိအမှတ်ပြု အပြန်အလှန်လေးစားရေးတို့က လွန်စွာရေးကြီးတယ်လို့ ဆိုပါတယ်။
“ကယောလူမျိုးတို့သည် ကရင်နီဟူသော ဌာနေလူမျိုးများနှင့် အနွယ်တူအနွယ်ကွဲ များနှင့်အတူ ရှင်သန်ရပ်တည်လာသော လူမျိုးတစ်မျိုးပင်ဖြစ်သောကြောင့် ကရင်နီတမျိုးသားလုံး၏ ရေးရာကိစ္စတွင်လည်း အားသွန်ခွန်စိုက် ကြိုပမ်းဆောင်ရွက် ကြရန် လွန်စွာအရေးပါလှသည်”လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ကယောလူမျိုးတို့ရဲ့ သွေးစည်းချစ်ကြည်ညီညွတ်ရေးတို့က ကရင်နီတစ်မျိုးသားလုံးရဲ့ သွေးစည်း ချစ်ကြည် ညီညွတ်ရေးအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတခု ဖြစ်သလို စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် အခြေခံကျတဲ့ အစိတ်အပိုင်းပင်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် (၅၆)နှစ်မြောက် ကယောအမျိုးသားနေ့ကို အကြောင်းပြုလို့ မတူကွဲပြားတဲ့ အယူအဆ အမျိုးမျိုးဖြစ်နေတဲ့ အင်အားစုအဖွဲ့အစည်းအားလုံး စုစည်းညီညွတ်ရေးအပြင် အခုတော်လှန်ရေး ကာလမှာလည်း အာဏာရှင်မှန်သမျှ အမြန်ဆုံးကျရှုံးရေးအတွက် ကျရာ အခန်းကဏ္ဍကနေ အတူတကွ ဝိုင်းဝန်ကြိုးပမ်း ကြဖို့ တိုက်တွန်းကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFရဲ့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။